မြောက်ဦးမြို့ကိုရေပေးဝယ်နေသည့် လက်ဆည်ကန် ရေများညစ်ညမ်းနေ

မြောက်ဦးမြို့ကိုရေပေးဝယ်နေသည့် လက်ဆည်ကန် ရေများညစ်ညမ်းနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကိုရေပေးဝယ်နေသည့် လက်ဆည်ကန်တွင် နှုန်းနှင့်ဒိုက်များ များပြားလာသဖြင့် ရေအရောင်မှာ ပြောင်းလဲလာပြီး သောက်သုံးရေအဖြစ်အသုံးပြုရန် အဆင်မပြေတော့ကြောင်း ဒေသခံများကပြောဆိုသည်။

လက်ဆည်ကန်အတွင်း သစ်ရွက်ခြောက်များကျခြင်း၊ နွံနစ်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာခြင်းနှင့် ဒိုက်မှော်များရှိနေခြင်းတို့ကြောင့် ယင်းကန်မှရေမှာ အရောင်ပြောင်းလာသည်ဟု ဒေသခံများကဆိုသည်။

“လက်ဆည်ကန်ကရေကိုု ကျွန်တော်တို့သောက်သုံးလာခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အခုတော့ကန်ထဲမှာ ဒိုက်တွေ၊ နှုန်းတွေများလာတာမို့ ရေထဲမှာအနည်တွေပါလာတယ်။ ကန်ရေကို သောက်သုံးဖို့ဆို့ခပ်ထားတဲ့ရေကို သုံးရက်လောက်အနည်ထိုင်အောင် စောင့်ရတယ်။ အခုဆိုကန်ရေအရောင်ကလည်း အနီရောင်ဖြစ်နေပြီ”ဟု မြောက်ဦးဒေသခံ ဦးဖြူသာထွန်က DMG သို့ပြောကြားသည်။

ယခင်က လက်ဆည်ကန်ရေမှာသန့်ရှင်းခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ကန်အတွင်းနှုန်းနှင့် ဒိုက်မှော်များကြောင့် ရေအရောင်မှာပြောင်းလဲလာခဲ့ကြောင်း သိရသည်။

လက်ဆည်ကန်မှရေကို ကျန်းမာရေးဌာနမှစစ်ဆေးရာ ရေထုထဲတွင် အနည်နှင့်အခြားဓာတ်များပါဝင်နေပြီး ဘတ္တရီးယားပိုးများ ပါရှိနေကြောင်း မြောက်ဦးယဉ်ကျေးမှုစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။

“ရေထဲမှာ ရွံ့နွံတွေ၊ ဘတ်တီးရီးယားပိုးမွှားတွေ ရှိနေတယ်။ မြောက်ဦးသူ မြောက်ဦးသားတွေက မသန့်စင်တဲ့ရေကို သောက်နေရသလိုဖြစ်နေပြီ။ လက်ဆည်ကန်ကို ကျွန်မတို့လည်း ပြန်ပြုပြင်ချင်ပါတယ်။ ကျမတို့အနေနဲ့ တားမြစ်တယ်ဆိုတာ လုံးဝမရှိပါဘူး“ဟု ၎င်းကဆိုသည်။

ယင်းကန်မှာ မိုးရာသီထက် ပွင့်လင်းရာသီရောက်လျှင် နှုန်းများ ပိုမိုများပြားပြီး ငါးများသေဆုံးလေ့ရှိကြောင်း မြောက်ဦးဒေသခံ ဦးဇော်လင်းဦးကပြောသည်။

“ရေက သံချေးရောင်(အနီရောင်)ဖြစ်နေတယ်။ ရေကို ၃ ရက်လောက်အနည်ထိုင်ပြီးတော့မှ သုံးလို့အဆင်ပြေတယ်“ဟု ၎င်းက ဆိုသည်။

လက်ဆည်ကန်ထဲမှ နှုန်းများဖယ်ရှားရန် စက်ယန္တရားအခက်အခဲရှိပြီး မြေအောက်ပိုက်လိုင်းသွယ်တန်းပေးသည့်စနစ်အစား နှုန်းမြေပြင်နှင့်လွတ်ကင်းသည့် ကန်ရေမျက်နာပြင်တွင် တပ်ဆင်ကာ(Floating system)စနစ်ဖြင့်ရေပေးဝယ်ရန် ခရိုင်စည်ပင်သာယာရေးဌာနထံတင်ပြထားကြောင်း မြောက်ဦးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။

“ကန်ထဲကနွံတွေ တစ်နှစ်ထက်တစ်နှစ်ပိုများလာတယ်။ အဲဒီနွံတွေကိုဆယ်ယူဖို့ကလည်း နေရာကအခက်အခဲဖြစ်နေတယ်။ ဒါကြောင့် ရေပိုက်ခေါင်းကို အရင်လိုမြေအောက်ထားပြီးတော့ ရေပေးဝေနေမယ်ဆိုရင် နွံနစ်တွေက ရေထဲမှာပါလာမယ်။ နွံနစ်တွေ မပါအောင် ရေသုံးရတာလည်းအဆင်ပြေအောင် floating system နဲ့လုပ်ဖို့ ခရိုင်ကိုတင်ပြထားတယ်“ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့တွင် တစ်မြို့လုံးသောက်သုံးရေအဖြစ် လက်ဆည်ကန်နှင့် တောင်ဖြူဆည်မှရေကို အဓိကထားအသုံးပြုနေကြသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...