ရခိုင်ပြည်နယ်နေရာတချို့တွင် မြန်မာစစ်တပ်က ခရီးသွားဒေသခံများကို စစ်ဆေးမှုရှိလာ

ရခိုင်ပြည်နယ်နေရာတချို့တွင် မြန်မာစစ်တပ်က ခရီးသွားဒေသခံများကို စစ်ဆေးမှုရှိလာ

ရခိုင်ပြည်နယ်အတွင်း နေရာအချို့တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များသည် ဒေသခံများ အဓိကအားထားသွားလာနေသည့် ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ခရီးသွားများကို စစ်ဆေးမှုများရှိလာကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တောကားလမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးဂိတ်အသစ်များ တိုးချကာ ဒေသခံများနှင့်ခရီးသွားများကို ကားပေါ်မှဆင်းခိုင်းပြီး မှတ်ပုံတင်များကို စစ်ဆေးမှုများရှိလာသည်ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ကို Mask(နှာခေါင်းစည်း)တပ်ထားတာကိုချွတ်ခိုင်းပြီး စစ်ဆေးတယ်ပေါ့။ ဒါကြောင့် ခရီးသွားတွေဘက်က စိတ်ငြိုငြင်ရတယ်။ မလိုအပ်ပဲအချိန်ကြန့်ကြာတယ်။ မကျေနပ်စရာတွေဖြစ်တာပေါ့။ နောက်ပြီးတော့ သူတို့စစ်ဆေးတာကလည်း တိကျခိုင်လုံတဲ့ အကြောင်းပြချက်မပေးဘူး”ဟု ၄င်းကပြောသည်။

ယခင်က ကားသမားများကို ကားပေါ်တွင်ပါလာသည့်လူဦးရေ အရေအတွက်ကိုသာမေးမြန်းရာမှ ယခုအခါ ခရီးသည်များကိုဆင်းခိုင်းကာ မှတ်ပုံတင်များစစ်ဆေးနေခြင်းဖြစ်သည်ဟု အဆိုပါမောင်တောဒေသခံက ပြောသည်။

“အရင်တုန်းကဆိုရင် ကားသမားတွေကသွားပြီးတော့ ကားပေါ်မှာ ဘယ်နှစ်ဦးပါတယ်။ ကျား၊ မဘယ်လောက်ဆိုရင် ရပြီလေ။ အခုကတော့ အားလုံးကို ကားပေါ်ကနေဆင်းခိုင်းပြီး Mask ချွတ်ခိုင်းတယ်။ ကြည့်တယ်။ မှတ်ပုံတင်ကိုကြည့်ပြီး စစ်ဆေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကနေစပြီးစစ်တာ”ဟု ၄င်းကဆိုသည်။

ထို့ပြင် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပေါ်တွင်လည်း မြန်မာစစ်တပ်၏စစ်ဆေးရေးဂိတ် ၃ ခုအထိ ရှိနေသည်။ ၎င်းဂိတ်တို့မှာ သာစည်ကျေးရွာအနီးတွင်တစ်ခု၊ လက်ဝဲစာတိုက်နှင့် ဖက်ကျကျေးရွာကြားတွင် တစ်ခု၊ ပိန္နဲချောင်းကျေးရွာအနီးတွင်တစ်ခုဖြစ်ပြီး အလားတူစစ်ဆေးမှုမျိုးဝရှိသည်။

ယင်းသို့ စစ်ဆေးရေးဂိတ်တိုင်းတွင် မှတ်ပုံတင်တို့စစ်ဆေးခံနေရသည့်အတွက် ကားများတန်းစီနေရခြင်း၊ ခရီးသွားများအနေဖြင့် အချိန်ကြန့်ကြာခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်တို့ကြုံနေရကြောင်း ခရီးသွား ဒေသခံတို့က DMG သို့ပြောသည်။

လုံခြုံရေးအရအမည်မဖော်လိုသူ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာသားတစ်ဦးက “သူတို့က တခါတလေ ခရီးသွားတွေကို စစ်ဆေးတယ်။ မှတ်ပုံတင်စစ်ဆေးဖို့တောင်းတယ်။ ဒါတွေလည်းရှိတယ်။ ဒါကြောင့် စိုးရိမ်စရာတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းတွေကိုသတိထားရတယ်။ အမြဲတမ်းတော့ မစစ်ဘူး”ဟု ဆိုသည်။

ယင်းသို့ လမ်းခရီးတွင် မြန်မာစစ်တပ်က စစ်ဆေးရေးဂိတ်အများအပြားချထားကာ စစ်ဆေးနေသည့်အပေါ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံသို့ DMG ကဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...