မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်းကို ယခုလတွင်ဖွင့်လှစ်မည်

မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်းကို ယခုလတွင်ဖွင့်လှစ်မည်

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း၏ သဘာဝအခြေပြုခရီးသွား လုပ်ငန်းကို ယခု(ဇန်နဝါရီလ) ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က DMG သို့ပြောသည်။

စတင်ဖွင့်လှစ်ရန်ရည်ရွယ်ထားသည့် မာန်အောင် Island Resource မှာ ကအီးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင် တည်ရှိပြီး ဘန်ဂလိုအပါဝင် စုစုပေါင်းအပန်းဖြေနားနေနိုင်သည့် အခန်း ၈၀ ခန့်ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းအနေနဲ့ ဒီသဘာဝအပန်းဖြေစခန်းကို စဖွင့်ခဲ့တာပါ။ ပြီးရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဖိတ်ခေါ်တာတွေလည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ဦးထွန်းလှိုင်က ပြောသည်။

မာန်အောင်ကျွန်းဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေသော သဘာဝ အခြေပြုခရီးသွားလုပ်ငန်းတွင် ဟိုတယ်ဇုန်၊ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် Resource တို့ပါဝင်သည်။.

"လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်မှု ကျမှာကိုတော့ စိုးရိမ်မိပါတယ်။ လုပ်လက်စဖြစ်နေတဲ့အတွက် ကုန်ကျစရိတ်နဲ့ ဝန်ထမ်းစရိတ်ကာမိဖို့လောက်တော့ မျှော်လင့်ထားတယ်"ဟု ဦးထွန်းလှိုင်ကဆိုသည်။

မာန်အောင်ကျွန်း သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ယခင် NLD အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းကို ယခုစစ်ကောင်စီလက်ထက်တွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် မာန်အောင်ကျွန်းတွင် ယခု ကဲ့သို့ ခရီးသွားလုပ်ငန်းများပေါ်ပေါက်လာမည့်အပေါ် ဝမ်းသာ ကြိုဆိုကြောင်း မာန်အောင်ဒေသခံ မခိုင်မြတ်သူကဆိုသည်။

“ခရီးသွားလုပ်ငန်းကြောင့် ဒီကိုလူတွေလာကြတဲ့အခါမှာ နည်းပညာသမားတွေလည်းပါလာမယ်။ အခြားကျွမ်းကျင်တဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေလည်း ပါလာနိုင်တဲ့အတွက် ဒီကျွန်းကြီးဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတစ်ခုရမယ်လို့မျှော်လင့်ထားတယ်” ဟု ၎င်းကပြောသည်။

မာန်အောင်ကျွန်းသည် ကျောက်ဖြူခရိုင်ထဲတွင်ပါဝင်ပြီး ကျောက်ဖြူမြို့မှ ရေမိုင် ၈၇ မိုင်အကွာတွင်တည်ရှိကာ ၂၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး သာယာလှပသည့်ကမ်းခြေများရှိသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...