ရခိုင်တွင် ဝက်များစုပြုံပြီးသေဆုံးနေခြင်းမှာ သွေးအားနည်းရောဂါ(PCV 2)ကြောင့်ဟု စစ်ဆေးတွေ့ရှိ

ရခိုင်တွင် ဝက်များစုပြုံပြီးသေဆုံးနေခြင်းမှာ သွေးအားနည်းရောဂါ(PCV 2)ကြောင့်ဟု စစ်ဆေးတွေ့ရှိ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တွင် ဒေသဝက်များ အစုလိုက်အပြုံလိုက်သေဆုံးရခြင်းမှာ သွေးအားနည်းခြင်းရောဂါ Porcine Circo Virus Type(PCV 2)ရောဂါကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါဝက်များထံမှ သွေးနမူနာရယူပြီး ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်ချက်အဖြေအရ ထိုသို့သိရှိရကြောင်း ရခိုင်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းစိုးကပြောသည်။

“သွေးအားနည်းတဲ့ရောဂါဖြစ်တယ်။ Circo Virus Type (PCV 2 )လို့ခေါ်တဲ့ရောဂါဖြစ်တယ်။ ဝက်တွေမှာရှိတဲ့ ရောဂါပေါ့နော်။ အခုကအရမ်းအေးတော့ ခုခံအားတွေကျဆင်းပြီး ရောဂါဝင်သွားတာကနေတဆင့် အများကြီးကူးစက်သွားတာပါ။ ဝက်အချင်းချင်းပဲကူးစက်တာ။ တခြားတိရိစ္ဆာန်တွေနဲ့ လူတွေကို မကူးစက်ပါဘူး“ဟု DMG သို့ပြောသည်။

ဝက်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် (PCV 2)ရောဂါမှာ ဝက်များတွင်ဖြစ်လေ့ရှိကာ ရာသီဥတုအေးပြီး ကိုယ်ခံအားကျဆင်းသည့်အခါအဖြစ်များတတ်ကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဝက်များမှာ မျက်ခွံဝါခြင်း၊ အစာမစားခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းချုပ်ဆီးချုပ်ခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါရောဂါဖြင့်သေဆုံးသွားသည့်ဝက်များကို စားသုံးမိခဲ့သော်လည်း ယင်းရောဂါပိုးမှ တိုက်ရိုက်ကူးစက်မှုမရှိကြောင်းလည်း သိရသည်။

ဒေသဝက်အများဆုံးသေဆုံးနေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယင်းဗိုင်းရပ်စ်ပိုး ဝက်များထံမကူးစက်စေရန် ဝက်ခြံများတွင်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာတွင် ယခုလအတွင်း သေဆုံးသွားသည့်ဝက်အကောင်ရေ စုစုပေါင်း ၂၂၈ ကောင်ထိရှိခဲ့ပြီး လက်ရှိမှာ ရောဂါခံစားနေရသည့် ဝက် ၁၀ ခန့်သာရှိပြီဖြစ်သည်ဟု ကုလားချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းကပြောသည်။

“တရွာလုံးမှာရှိသမျှဝက်တွေ အကုန်လုံးသေသွားပြီလို့ ပြောလို့ရတယ်။ ရောဂါဖြစ်နေတဲ့ ဝက်တစ်ဆယ်လောက်တော့ ရှိသေးတယ်။ မွေးကုဌာနကလာပြီး ဝက်ခြံတွေကို ပိုးသတ်ဆေးတွေဖြန်းပေးတာတွေလုပ်ပေးတယ်“ဟု ၎င်းကဆိုသည်။

ဝက်ခြံများကို ဆေးဖြန်းခြင်း၊ ဝက်အစာများကျွေးမွေးပြီးလျှင် ဝက်စာခွက်များကို သန့်သန့်ရှင်းရှင်းဆေးကြောခြင်း၊ ဝက်ခြံကို ဝက်အဝင်အထွက်၊ လူဝင်လူထွက်ဂရုစိုက်ပြီး မွေးမြူသင့်သည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုက်တွန်းပြောဆိုသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...