ရခိုင်တွင်ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ကျောင်းသားအဖွဲ့အစည်းသုံးခုမှ စုပေါင်းထုတ်ပြန်

ရခိုင်တွင်ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ကျောင်းသားအဖွဲ့အစည်းသုံးခုမှ စုပေါင်းထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင်ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် ရက္ခိုင်ပြည် တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေသည့် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ မွတ်ဆလင်ကျောင်းသား၊ကျောင်းသူများနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တို့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

ရခိုင်တွင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လူမျိုးရေးနှင့် ဘာသာရေးပြဿနာများကိုဖြစ်ပေါ်စေနိုင်သည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလိုတွေ့လာရပြီး တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ ICJ တွင်တရားရင်ဆိုင်ရမည့်အချိန်နှင့် တိုက်ဆိုင်လျှက်ရှိနေသည်ဟု ကျောင်းသားအဖွဲ့အစည်းသုံးဖွဲ့၏ ထုတ်ပြန်ချက်ကဆိုသည်။

ရခိုင်ပြည်သည် အမျိုးမျိုးသောပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေတစ်ခုဖြစ်ပြီး ထိုအကြောင်းအရာများ ဆက်စပ်ကြည့်မှုဆိုပါက ICJ ဖြစ်စဉ်ကိုလည်းမေ့ပျောက်၍မရဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုဘုန်းပြည့်ဖြိုးကပြောသည်။

“ICJ ဖြစ်စဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကတည်းက ဖြေရှင်းပေးခဲ့သော်လည်း လက်ရှိအာဏာသိမ်းထားတဲ့စစ်အစိုးရသည် အဲဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရမယ့် အခြေအနေတစ်ခုမှာရှိနေတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ သံသဖြစ်ဖွယ်ရာဖြစ်စဉ်တွေဖြစ်ပွားနေတယ်ဆိုတော့ အဲဒါတွေနဲ့လည်း မကင်းနိုင်ဘူးလို့ယူဆရတယ်”ဟု ကိုဘုန်းပြည့်ဖြိုးကဆိုသည်။

ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် မလိုလားအပ်သည့်လှုံ့ဆော်မှုများကြောင့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူသန်းနှင့်ချီ၍ ပဋိပက္ခ၏ဆိုးကျိုးများကို ခံစားခဲ့ရပြီးဖြစ်ကြောင်းလည်း ကျောင်းသားများ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တွင် လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်ပွားအောင်လုပ်ဆောင်နေသည့် လူစုတစ်ရှိသည်ဟု သံသယဖြစ်မိကြောင်းနှင့် ပြဿနာများဖြစ်ပွားမည်ကိုမလိုလားကြောင်း မွတ်ဆလင်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းပြောသည်။

“လက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တွေက ICJ ရုံးချိန်းတွေနီးလာတာနဲ့ ဒီကိစ္စတွေဖြစ်ပေါ်လာတာလားဆိုတာကို ကျနော်တို့ကသံသယဖြစ်မိတယ်။ ရခိုင်ပြည်မှာနေထိုင်ကြတဲ့ ဘာသာပေါင်းစုံကလူတွေအားလုံးမှာ အခုအချိန်အတွင်း လူမျိုးခွဲခြားတဲ့စကားလုံးတွေကိုရှောင်းရှားဖို့နဲ့ ပြဿနာတစ်ခုဖြစ်လာရင် ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုရှေ့တန်းမတင်ပဲ အဲဒီနယ်မြေမှာအုပ်ချုပ်ရေးကိုတိုင်တန်းပြီး လုပ်ဆောင်သင့်တယ်” ဟု ကိုဇော်မင်းထွန်းကပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာရသည့်အပြင် လူမျိုးရေးပဋိပက္ခကိုဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိရ၍ ဆင်ခြင်သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှလည်း ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ULA မှထုတ်ပြန်ပြီးနောက်ပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၌ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်၊ ဘူးသီးတောင်မြို့တွင် မွတ်ဆလင်နှစ်ဦးပိုင်သည့် စပါးကောက်လိုင်းစည်းများ မီးရှို့ခံရသည့်ဖြစ်စဉ်နှင့် မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရသည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...