ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံနေရ

ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံနေရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးကုန်သွယ်ရောင်းချနေသူများရှိသောကြောင့် တောဆင်ထိန်းသိမ်းစောင့်ရှောက်ရန် ကင်းလှည့်ဝန်ထမ်းများ လိုအပ်လျက်ရှိနေသည်။

နိုင်ငံရေးအခြေအနေကြောင့် ယခင်ကဲ့သို့ နိုင်ငံတကာမှကူညီထောက်ပံ့မှုများကိုမရရှိတော့ကြောင်းနှင့် ဘေးမဲ့တောကင်းလှည့်ဝန်ထမ်းအချို့မှာလည်း CDM လုပ်ဆောင်နေသဖြင့် ဝန်ထမ်းအင်အားလျော့နည်း လာသောကြောင့် ရခိုင်ရိုးမဆင်ဘေးမဲ့တောမှတောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံနေရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် RCA ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောထဲမှ ဆင်၊ ပြောင်၊ ကျား၊ ဝက်ဝံနှင့် မျောက်လွဲကျော် စသည့်တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံရမှုများရှိသဖြင့် ယခုအချိန်တွင် တောရိုင်းတိရစ္ဆာန်များရှားပါးလာကြောင်း သိရသည်။

“ဘေးမဲ့တောထဲမှာ အမဲလိုက်နေသူတွေရှိတာကြောင့် အခုဆို တောထဲမှာကျားဆို မရှိသလောက်ရှားသွားပြီ။ ဆင်၊ ပြောင်၊ ဝက်ဝံနဲ့ မျောက်လွှဲကျော်တွေလည်း ဖမ်းဆီးခံရတယ်။ အခုဆို တောရိုင်းတိရစ္ဆာန်မျိုးသုန်းမယ့် အန္တရာယ်နဲ့ကြုံနေရပြီ”ဟု ဒေါက်တာမောင်မောင်ကြည်ကပြောသည်။

အဆိုပါဘေးမဲတောတွင် တောရိုင်းတိရစ္ဆာန်များဖမ်းဆီးခံရမှုလျော့ကျလာစေရန် RCA အဖွဲ့က ၂၀၁၉ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တာဝန်ရှိသူများမှာလည်း တောရိုင်း တိရစ္ဆာန်များကို ဖမ်းဆီးနေသည့်မုဆိုးများကို ဖမ်းဆီးအရေးယူမှုများလုပ်ဆောင်နေကြောင်း ရခိုင်ရိုးမ ဆင်ဘေးမဲ့တောမှ ဦးစီးအရာရှိ ဦးဆန်းလွင်ဦးကဆိုသည်။

“ဘေးမဲ့တောထဲ လူတွေကမျှစ်တွေဝင်ချိုးတော့ ဝါးပင်တွေရှားလာတယ်။ တောရိုင်းဆင်တွေရဲ့ စားကျက်တွေလည်းရှားလာတယ်။ စားကျက်မရှိတော့ ဘေးမဲ့တောကနေ အခြားနေရာဆီ ဆင်တွေက ရောက်သွားရာကနေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်”ဟု ဦးဆန်းလွင်ဦးကပြောသည်။

ရှားပါးတောရိုင်းတိရစ္ဆာန်များအား ဖမ်းဆီးသူများကို ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ဒဏ်ငွေ ၅ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောမှာ ရခိုင်ရိုးမတောင်တန်း၏တောင်ဘက် အစွန်းပိုင်းတွင်တည်ရှိပြီး သံတွဲနှင့် ဂွ မြို့နယ်အတွင်းပါဝင်ကာ အကျယ်အဝန်း ၁၇၅၅ ဒဿမ ၇ စတုရန်းမိုင်ရှိသည်။

လက်ရှိအချိန်တွင် ဘေးမဲ့တောမှ ကင်းလှည့်ဝန်ထမ်းအင်အားမှာ ၁၂ ဦးသာရှိသဖြင့် တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံရမှုမရှိစေရန် ဧကလေးသောင်းခန့်ကိုလူတစ်ဦးက ထိန်းသိမ်းစောင့်ကြည့်နေရကြောင်း သိရသည်။

ဒေသခံများကို တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရန် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း စိတ်ပါဝင်စားမှုအားနည်းနေကြောင်း ရခိုင်ရိုးမဆင်ဘေးမဲ့တော ဦးစီးအရာရှိထံမှ သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...