တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖမ်းဆီးခံရ

တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်နှင့်လူ ၇ ဦးမှ ကားတစ်စီးဖြင့် နေအိမ်သို့လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုမင်းကိုဦးကို PDF အား ငွေကြေးထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့်ဖမ်းဆီးခြင်းဖြစ်ကာ လက်ရှိ တောင်ကုတ်မြို့နယ်ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း ကိုမင်းကိုဦး၏ဖခင် ဦးခင်မောင်စိန်ကပြောသည်။

"မနက် ၉ နာရီမှာ အရပ်ဝတ်နဲ့လူတွေလာဖမ်းတာပါ။ ရန်ကုန်ဖက်က PDF တွေကို ငွေကြေးထောက်ပံ့ပေးနေတာကြောင့် ဖမ်းသွားရမယ်လို့ပြောတယ်။ အခုတော့ ရဲစခန်းမှာ သူ့ကိုအမှုဖွင့်ထားပါတယ်"ဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်ကပြောသည်။

ကိုမင်းကိုဦးမှာ တောင်ကုတ်မြို့နယ်အတွင်းမှ လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲရှိသူများကို အလှူငွေကောက်ခံကာ ကူညီထောက်ပံပေးခြင်း စသည့်လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။

ကိုမင်းကိုဦးမှ PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုသော စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူကဆိုသည်။

ကိုမင်းကိုဦးကိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်မြို့နယ်ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့မှာလည်း ဖမ်းဆီးခံထားရပြီး ယင်းအထဲတွင် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦးတို့ ပါဝင်သည်။

ထိုသို့ဖမ်းဆီးခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီမြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ ဖြစ်ကြသည်။

လက်ရှိဖမ်းဆီးခံထားရသော တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကိုအပါအဝင် PDF နှင့်ဆက်စပ်ပြီးဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ်အတွင်း ကိုးဦးအထိရှိလာပြီဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...