ကျောက်ဆိပ်ရွာသား ၅ ဦးအမှုတွင် ကျန်ရှိသည့်သက်သေနှစ်ဦးကို (၉)လကြာသည်အထိ မစစ်ဆေးနိုင်သေး

ကျောက်ဆိပ်ရွာသား ၅ ဦးအမှုတွင် ကျန်ရှိသည့်သက်သေနှစ်ဦးကို (၉)လကြာသည်အထိ မစစ်ဆေးနိုင်သေး

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုတွင် ကျန်ရှိနေသည့်သက်သေနှစ်ဦးကို (၉)လကြာသည်အထိ မစစ်ဆေးနိုင်ကြောင်း သိရသည်။

အမှုတွင် တရားလိုပြသက်သေ ၉ ဦးရှိသည့်အနက် ၇ ဦးကိုစစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေနှစ်ဦးဖြစ်သည့် ပုဏ္ဏားကျွန်းမြို့ (၅၅၀)တပ်ရင်းမှ ဗိုလ်မှူးမင်းရှမ်းမောင်နှင့် ဒုရဲမှူး ခင်မောင်အေးတို့ကို စစ်ဆေးရန်ကျန်ရှိနေသေးသည်။

ဗိုလ်မှူးမင်းရှမ်းမောင်မှာ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားပြီဖြစ်ပြီး စစ်တွေခရိုင်တရားရုံးသို့လာရောက်နိုင်ခြင်းမရှိသဖြင့် ကော်မရှင်နာနှင့်စစ်ဆေးရန် ပြီးခဲ့သည့်ဧပြီလအတွင်းမှစ၍ တင်ပြထားသော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာတရားရုံးမှ အကြောင်းပြန်ခြင်းမရှိသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

“လွန်ခဲ့တဲ့ရုံးချိန်းတွေက ကော်မရှင်နာစစ်ဖို့အတွက်ကိုပဲ ဆောင်ရွက်နေတယ်။ ကော်မနာရှင်စစ်ဖို့စောင့်နေခဲ့တာ။ စောင့်နေတာလအတော်ကြာလာတဲ့အတွက်ကြောင့် တရားရုံးကလည်း ကော်မရှင်နာဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အမှုကိုဆက်သွားမယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ရုံးချိန်းကနေ အမှုစစ်အရာရှိကိုစစ်ဆေးဖို့ ဆင့်ခေါ်ခဲ့တာဖြစ်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

သို့သော် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲမှူးခင်မောင်အေးမှာလည်း ပြောင်းရွှေ့သွားပြီဖြစ်သည့်အတွက် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ရုံးချိန်းတွင် မလာရောက်နိုင်ခဲ့ပေ။ ၎င်းလက်ရှိပြောင်းရွှေ့ရောက်ရှိနေသော စခန်းမှူးအသစ်ကို ကိုယ်စားစစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါ စခန်းမှူးအသစ်ကိုစစ်ဆေးရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

“ပုဏ္ဏားကျွန်းက အမှုစစ်အရာရှိစခန်းမှူးကို စစ်ဆေးပြီးလို့ရှိရင် စွဲချက်လျှောက်လဲချက်အဆင့်ကိုသွားမယ်လို့ တရားသူကြီးကပြောပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဆိုသည်။

ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးချုပ်နှောင်ခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်၊ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း မြန်မာစစ်သားများက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်ခြင်းများ ရှိခဲ့သည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ အမှတ်(၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါပုဒ်မဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၂ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ကိုမင်းစိုး၏မိခင် ဒေါ်စိန်ဝင်းက “ရုံးချိန်းကြန့်ကြာလာသရွှေ့ ငွေကြေးကအခက်အခဲပိုများလာတယ်။ ကျွန်မတို့မှာ ဘာမှလုပ်လို့လည်းမရ၊ လုပ်ဖို့လည်းအင်အားလည်းမရှိဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏အမှုများကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိသော်လည်း လက္ကာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသည့်အမှုများကို ရုပ်သိမ်ပေးခြင်းမရှိသေးပေ။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိုဝင်ဘာလအတွင်းက ပြောဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...