ကျောက်ဖြူတွင် စားသောက်ကုန် ဈေးနှုန်းများ ခေါင်ခိုက်နေ

ကျောက်ဖြူတွင် စားသောက်ကုန် ဈေးနှုန်းများ ခေါင်ခိုက်နေ

စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော ဆိုက် ရောက်ခြင်း မရှိသဖြင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ခေါင်ခိုက်အောင် မြင့်တက်နေသည်။

ကျောက်ဖြူမြို့အတွက် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို စစ်တပ်၏ စီစဉ်မှုဖြင့် ရန်ကုန်မှ တစ်လလျှင် သင်္ဘော ၃ စီးမှ ၄ စီးအထိ လာရောက်ပို့ဆောင်ပေးနေခြင်း ဖြစ်သော်လည်း သင်္ဘောမဝင်သည်မှာ တစ်လခန့် ကြာမြင့်လာသဖြင့် ယခင်ထက် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်နေခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက “အခု ကြက်ဥတစ်လုံးကို ၂,၅၀၀ ကျပ် ဖြစ်နေတာ တစ်လလောက် ရှိပြီ။ တချို့ စားသောက်ကုန် ပစ္စည်းတွေဆိုရင် အရင်ထက် တစ်ဝက်နီးပါးလောက် ဈေးတက်သွားတယ်။ အရင်က တည်းက လူတွေ ငတ်ပြတ်နေကြတာ ခုဆို ပိုဆိုးပြီပေါ့” ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ဇွန်လက ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁,၅၀၀၊ နို့ဆီဗူး ၃၂ ဗူးဆံ့ ပေါ်ဆန်းမွှေး ဆန်တစ်တောင်းလျှင် ငွေကျပ် ၄၀,၀၀၀ ကျော်၊ ဆန်ကြမ်း တစ်တောင်းလျှင် ငွေကျပ် ၂၀,၀၀၀ ကျော်၊ စားသုံးဆီ တစ်လီတာလျှင် ငွေကျပ် ၂၀,၀၀၀ နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ ခန့် ရှိခဲ့သည်။

သို့သော်လည်း ဇူလိုင်လ ဒုတိယပတ်မှစ၍ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂,၅၀၀၊ ပေါ်ဆန်းမွှေး ဆန်တစ်တောင်း လျှင် ငွေကျပ် ၇၀,၀၀၀ ကျော်၊ ဆန်ကြမ်းတစ်တောင်းလျှင် ငွေကျပ် ၄၀,၀၀၀၊ စားသုံးဆီ တစ်လီတာလျှင် ငွေ ကျပ် ၂၅,၀၀၀ ကျော်နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၄၀,၀၀၀ ကျော်အထိ ဈေးနှုန်းများ ထပ်မံမြင့် တက်သွားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “ရန်ကုန်မှာ အခု ကြက်ဥတစ်လုံး အမြင့်ဆုံး ဈေး ၇၀၀၊ ကြက်သွန်နီ တစ် ပိဿာကိုမှ ကျပ် ၈,၀၀၀ လောက်ပဲ ရှိတယ်။ ကျောက်ဖြူကို အုပ်ချုပ်နေတဲ့ အစိုးရဌာနတွေကို ပြောချင် တာက ဘာကြောင့် ဒီလိုဖြစ်အောင် လုပ်နေတာလဲ။ ဒါတွေကို ထိန်းကွပ်ပေးကြပါလို့ ပြောချင်တယ်” ဟု ပြော သည်။

ကျောက်ဖြူမြို့ပေါ်သို့ တင်သွင်းနေသည့် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို စစ်အုပ်စုနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ချုပ်ကိုင်ခြယ်လှယ်၍ ဈေးကွက်အတွင်း မတန်တဆ ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချကာ ကိုယ်ကျိုးရှာနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ယခင်က ကုန်ပစ္စည်းများကို သင်္ဘောဖြင့် မှာယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုမိန့် တင်ပြရုံဖြင့် မြို့ခံကုန်သည်များက တိုက်ရိုက်မှာယူ ရောင်းချခွင့် ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကုန်ပိုင်းမှ စ၍ ကျောက်ဖြူအခြေစိုက် ခလရ (၃၄) မှ ဗိုလ်ကြီး အောင်ဖြိုးဦး (ခ) ဓာတ်ဆီ ဆိုသူက ကိုင်တွယ်လာခဲ့ပြီး ၎င်းနှင့် နီးစပ်သူများကိုသာ လက်ဝါးကြီးအုပ် ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ခံ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက “အဓိကတော့ စစ်တပ်နဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေ၊ ပြီးတော့ ဓာတ်ဆီ (ဗိုလ်ကြီး အောင်ဖြိုးဦး) ဆိုသူနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေက ဂုတ်သွေးစုတ်နေကြတာပါ။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေ ကိုယ်စား တင်ပြပေးစေချင်တယ်” ဟု ပြောသည်။

ကျောက်ဖြူတိုက်ပွဲမှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်ရာ မြို့ခံများ၌ အလုပ်အကိုင် မရှိကြသည့်အပြင် မြစ်ချောင်းများတွင် ရှာဖွေစားသောက်ခွင့်မှစ၍ တားမြစ်ခံထားရသဖြင့် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရသည်။

ထို့ပြင် လက်လုပ်လက်စား ဆင်းရဲသားများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေကြရသဖြင့် မိမိတို့၏ နေအိမ်ကို ထင်းအဖြစ် ရောင်းချခြင်းနှင့် တောင်းရမ်းစားသောက်ခြင်းများအထိ အခက်အခဲ ရင်ဆိုင်နေကြရပြီး ခိုးဆိုးလုယက်မှု ဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများမှာ စစ်မျက်နှာ ပြန်လည်ကျယ်ပြန့်လာနေပြီး ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစ၍ စနဲမြို့ အပါအဝင် မင်းပြင်နှင့် ဇိုင်ချောင်း ကျေးရွာ အနီးဝန်းကျင်တို့တွင်ပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...