၀က်သားဖောက်မှုနည်းလာ၍ ဝက်သားခွဲများ ဈေးမြင့်တက်နေ

၀က်သားဖောက်မှုနည်းလာ၍ ဝက်သားခွဲများ ဈေးမြင့်တက်နေ

ရခိုင်ပြည်နယ်တွင် ဒေသဝက်သားဖောက်မှု လျော့နည်းလာသဖြင့် ဝက်သားခွဲများမှာ လွန်ခဲ့သည့် ၂ နှစ်ကထက် ငါးဆနီးပါးဈေးနှုန်းမြင့်တက်လာကြောင်း ဝက်မွေးမြူသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ ဝက်သားဖောက်သူ အများအပြားရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်မှစတင်ပြီး ဝက်များတွင် ရောဂါကူးစက်မှုရှိကာ သေဆုံးမှုများလာသဖြင့် ဒေသဝက်များရှားပါးလာကြောင်း၊ ဝက်သားခွဲပေါက်ဈေးမှာလည်း တဟုန်ထိုးမြင့်တက်လာကြောင်း စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံကျေးရွာမှ ဝက်သားဖောက်ခဲ့သူ ဒေါ်ခင်ခင်သန်းကပြောသည်။

"ဒီနှစ်အစောပိုင်းလောက်က ဝက်တွေ ကျန်းမာရေးမကောင်းတော့ အကုန်လုံးသေသွားတယ်။ တစ်ကောင်မှ မကျန်ခဲ့ဘူး။ သားဖောက်မဲ့ ဝက်မတွေပါ သေသွားတယ်။ အခုက သူများတွေဆီကလာရောင်းတဲ့ဝက်တွေက ဈေးအရမ်းများတယ်။ သားခွဲတစ်ကောင်ကို ကျပ်တစ်သိန်းခွဲထိ ဈေးတက်သွားတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်က ဒေသဝက်သားခွဲတစ်ကောင်ကို ကျပ်သုံးသောင်းခန့်သာရှိသော်လည်း ယခု ၂၀၂၁ ခုနှစ်တွင် သားခွဲတစ်ကောင်ကို ကျပ်တစ်သိန်းငါးသောင်းအထိပေးဝယ်ရကြောင်း စစ်တွေမြို့နယ်၊ ဇော်မဒတ်ကျေးရွာမှ ဒေါ်မမြအေးကပြောသည်။

“ဝက်ဈေးက အရမ်းတက်သွားတယ်။ အခုက စားဝတ်နေရေးအဆင်မပြေတဲ့လူတွေက ဝက်ဝယ်မမွေးနိုင်ကြဘူး။ ကုန်ဈေးနှုန်းကအစ အရာရာဈေးတက်နေတယ်ဆိုတော့ အခုဆို ရွာမှာလည်း ဝက်မမွေးနိုင်ကြတော့ဘူး။ အရင်ကဆို တစ်ရွာလုံးနီးပါး ဝက်တွေမွေးကြတာ”ဟု ၎င်းကဆိုသည်။

ယခင်က ဝက်စာဆန်မှုန့်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၆၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဝက်မွေးမြူသူ ဒေါ်သန်းသန်းကျီကပြောသည်။

“ဝက်တွေကို ဆန်မှုန့်အပြင် အားဆေးတွေအမျိုးစုံလည်း အစာထဲထည့်ကျွေးရတယ်။ အခုက ကုန်ကျစရိတ်ကြီးတော့ မွေးထားတဲ့ဝက်ကိုပြန်ရောင်းရင် အမြတ်လည်းမကျန်ဘူးဆိုတော့ ဝက်မွေးရတာ အရင်လိုအဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

ဝက်များဆက်လက်မွေးမြူနိုင်ရန်အတွက် လိုအပ်နေသည့်အရင်းအနှီးကို အစိုးရမှ ထောက်ပံ့ပေးစေလိုကြောင်းလည်း ဝက်မွေးမြူသူများက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်က ဝက်သားတစ်ပိသာလျှင် ကျပ် ၈၀၀၀ ရှိခဲ့သော်လည်း ယခုအခါ ဝက်သားဈေးနှုန်းမှာ ကျပ် ၁၂၀၀၀ အထိ ဈေးမြင့်တက်လျက်ရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...