မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးသူများ အကူအညီလိုအပ်

မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးသူများ အကူအညီလိုအပ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများ အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ပွဲအကျိုးဆက်အဖြစ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများမှာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့၍ စားဝတ်နေရေးအတွက်အခက်အခဲများရှိနေကြကြောင်း ပြောဆိုကြသည်။

“ဦးလေးတို့မှာ စားဝတ်နေရေးအလွန်ကိုခက်ခဲနေတယ်။ အလုပ်လည်းမလုပ်နိုင်ဘူး။ အလုပ်လုပ်မယ်ဆိုရင်လည်း မရဘူးဖြစ်နေတယ်။ ပစ္စည်းတွေသယ်မယ်ဆိုရင်လည်း မသယ်နိုင်ဘူး"ဟု ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာမှ မိုင်းထိမှန်၍ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသည့် ဦးကျော်အေးသိန်း(၅၅ နှစ်)က ပြောသည်။

ဦးကျော်အေးသိန်းမှာ ပြီးခဲ့သည့် ၂၀၂၀ မတ်လ ၂၉ ရက်က ကျေးရွာအနီးတွင်မိုင်းနင်းမိ၍ ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ၎င်းမှာ ဒုတိယတန်းတက်ရောက်နေသော သားလေး၏ပညာရေးအတွက်လည်း စိတ်ပူမိကြောင်းပြောသည်။

လက်ရှိ ဦးကျော်အေးသိန်းတို့မိသားစုမှာ နေရပ်သို့မပြန်နိုင်သေးဘဲ ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

အလားတူ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း အမ်းမြို့နယ်၊ သရက်ပြင်ချောင်းကျေးရွာမှ ဦးဦးသိန်းဌေး(၄၃)နှစ်မှာ တောင်ပေါ်သို့သွားစဉ် မြေမြုပ်မိုင်းနင်းမိသဖြင့် ညာခြေထောက်ကို ဒူးဆစ်အောက်ဘက်မှ ဖြတ်လိုက်ရသည်။

လက်ရှိမှာ ဦးဦးသိန်းဌေး၏မိသားစုမှာ စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ပြောသည်။

“ခြေတစ်ဖက်ဆုံးရှုံးသွားတော့ အခက်အခဲတွေတော်တော်လေးဖြစ်တယ်။ ပြီးတော့ကျနော်က အိမ်ထောင်ဦးစီးဆိုတော့ သားသမီးတွေကလည်း ၃ ယောက်ရှိတယ်။ ကျနော်အလုပ်မလုပ်နိုင်တော့ သူတို့ကျောင်းတက်ဖို့၊ စားဖို့အကုန်လုံးက အခက်အခဲရှိနေတာပါ”ဟု ဦးဦးသိန်းဌေးကပြောသည်။

လက်ရှိစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများမှာ စားဝတ်နေရေးအခက်အခဲရှိသဖြင့် စစ်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများမှာ အခြားသူများထက်ပိုမိုအခက်အခဲရှိနိုင်ကြောင်း ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် ကိုဘက္ကာကပြောသည်။

“မြို့ပေါ်မှာနေတဲ့ မြို့ခံတွေတောင် အလုပ်အကိုင်ကရှားနေတော့ စစ်ဘေးရှောင်တွေအတွက်ဆိုအလုပ်ရဖို့က ပိုပြီးတော့ဆိုးတာပေါ့။ အဲဒီထဲကမှ အခုလိုမိုင်းထိပြီး ခြေပြတ်၊ လက်ပြတ်တွေ ဖြစ်သွားကြတဲ့မိသားစုတွေဆို အတော်ကိုအခြေအနေဆိုးတယ်ဗျ”ဟု ကိုဘက္ကာကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် ရသေ့တောင်တစ်မြို့နယ်တည်းတွင် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူ ၂၀ ဦးခန့်ရှိကြောင်း သိရသည်။   

ယင်းသို့ ကိုယ့်လက်အင်္ဂါဆုံးရှုံးသွားသူများကို တာဝန်ရှိသူများမှ တတ်စွမ်းသမျှ တာဝန်ယူကူညီပေးစေလိုကြောင်း ကိုယ်အင်္ဂါဆုံးရှုံးသွားသူများကပြောသည်။  

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၉ ဦးရှိခဲ့ကြောင်း စစ်ဘေးရှောင်များစာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...