သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဧည့်စာရင်းတိုင်ကြားရမည်ဟု ကြေညာ

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဧည့်စာရင်းတိုင်ကြားရမည်ဟု ကြေညာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဧည့်စာရင်းတိုင်ကြားရန် နိုဝင်ဘာ ၂၅ ရက်နေ့က အသိပေးကြေညာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဧည့်စာရင်းတိုင်ကြားရမည်ဆိုသည့် အကြောင်းရင်းအသေးစိတ်ကို မသိရှိရကြောင်း ဆင်ခေါင်းကျေးရွာဒေသခံ ဦးရွှေထီးအောင်က ပြောသည်။

"လော်နဲ့အော်တယ်။ မည်သူမဆို ဧည့်စာရင်းလာတိုင်ရမယ်ပေါ့။ ဘာကြောင့်တိုင်ရမယ်၊ ဘယ်မှာတိုင်ရမယ်။ မတိုင်ရင်ဘာဖြစ်မယ်ဆိုတာ အသေးစိတ်မပါဘူး"ဟု ၎င်းကပြောသည်။

ဆင်ခေါင်းကျေးရွာသည် ကျော့ပိုက်လုပ်ငန်းကို အဓိကထားလုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ ရေလုပ်သားများလာရောက်နေထိုင်မှုလည်း ရှိသည်။

ဧည့်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားရခြင်းမဟုတ်ဘဲ ဆင်ခေါင်းကျေးရွာအတွင်းရှိ မော်ဖျားရပ်ကွက်မှ နေအိမ်တစ်ခုတွင်တိုင်ကြားရကြောင်း ဧည့်စာရင်းသွားရောက်တိုင်ကြားခဲ့သူတစ်ဦးက ပြောသည်။

"ဒီနေ့မနက်ကတိုင်ကြားရတယ်။ ဧည့်စာရင်းက ဘယ်သူတွေက တိုင်ကြားခိုင်းတယ်ဆိုတာမသိဘူး။ တိုင်ကြားရတာကလဲ အုပ်ချုပ်ရေးမှူးရုံးမှာမဟုတ်ဘူး။ မော်ဖျားရပ်ကွက်က နေအိမ်တစ်ခုမှာတိုင်ကြားရတာ။ လူသစ်တွေရောက်တာလဲ တွေ့ရတယ်။ ရွာထဲကလူတွေမဟုတ်ဘဲပေါ့"ဟု ၎င်းက ဆိုသည်။

ဆင်ခေါင်းကျေးရွာတွင် နေအိမ် ၁၀၀၀ ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရေလုပ်ငန်းလာရောက်လုပ်ကိုင်သူ အများအပြားရှိကြောင်း သိရသည်။

ရေလုပ်သားများအနေဖြင့် ယခုကဲ့သို့ ဧည့်စာရင်းတိုင်ကြားရန်မှာအခက်အခဲရှိပြီး ဆူပူမှုများဖြစ်လာမည်ကိုစိုးရိမ်မိကြောင်း ဆင်းခေါင်းကျေးရွာမှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

"ရေလုပ်သားတွေက အနယ်နယ်အရပ်ရပ်ကလာကြတာရှိတယ်။ အဲဒါကိုမသိဘဲ ဧည့်စာရင်းမတိုင်ဘဲ ဖမ်းဆီးတာတွေလုပ်ရင် ဆူပူမှုတွေဖြစ်လာမှာကိုစိုးရိမ်မိတယ်"ဟု ၎င်းဒေသခံက ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် မြန်မာစစ်တပ်မှ နေ့စဉ်ကင်းလှည့်ခြင်းများလည်းရှိနေပြီး ယခုဧည့်စာရင်းတိုင်ကြားရမည့်အပေါ် ဒေသခံများမှ စိုးရိမ်မှုရှိနေကြသည်။

ဧည့်စာရင်းကောက်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကို DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း သံတွဲမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် ဧည့်စာရင်းတိုင်ကြားရန် စာကပ်အသိပေးခြင်းများလည်း ရှိခဲ့သည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...