စစ်ကောင်စီ ၂ လကျော်ကြာဖမ်းဆီးထားသည့် ခရစ်ယာန်ပါစတာတစ်ဦး သေဆုံးပြီဟုသတင်းထွက်ပေါ်

စစ်ကောင်စီ ၂ လကျော်ကြာဖမ်းဆီးထားသည့် ခရစ်ယာန်ပါစတာတစ်ဦး သေဆုံးပြီဟုသတင်းထွက်ပေါ်

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာက ညီအကိုများအသင်းတော်မှ ခရစ်ယာန်ပါစတာ ဦးငိုင်ကုန်းအား စစ်ကောင်စီတပ်ဖွဲ့ ၂ လကျော် ဖမ်းဆီးထားပြီး သတင်းအစအနမသိရှိရဘဲ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသည်။

ပါစတာဦးငိုင်ကုန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ဖငိုင်-ငလိုင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့ ငလိုင်ကျေးရွာတွင်တပ်စွဲ၍ လုံခြုံရေးတင်းကြပ်ကာ လက်ကိုင်ဖုန်းများစစ်ဆေးစဉ် သူ၏ဖုန်းထဲတွင် အမဲလိုက်သေနတ်ပုံများတွေ့ရှိသည်ဟုဆိုကာ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

“ပြည်သူတစ်ဦးနဲ့ ပါစတာကအဖမ်းခံရတယ် အရင်နိုင်ငံရေးမဖြစ်ခင်တုန်းက တောထွက်ပြီး အမဲလိုက်တုန်းက သမင်တွေပစ်တုန်းက ချင်းသေနတ်တွေဆိုရင် နည်းနည်းလေးကောင်းတဲ့ဟာဆို ဓာတ်ပုံရိုက်သိမ်းထားတဲ့ဟာတွေပေါ့၊ သူ့ဖုန်းထဲ သေနတ်တွေ့တယ်ဆိုပြီး ဖမ်းသွားတာ၊ တယောက်ကတော့ ဖုန်းထဲစစ်တော့ ဘာမှမတွေ့လို့ ပြန်လွှတ်ပေးတယ်” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မတူပီမြို့ စစ်ဗျူဟာစခန်းတွင် ဦးငိုင်ကုန်းအား ဖမ်းဆီးချုပ်နှောင်ကာ မိသားစုနှင့်လည်း ဆက်သွယ်တွေ့ဆုံခွင့် မပြုခဲ့ပေ။

“စဖမ်းတုန်းကတော့ ဂိုဏ်းပေါင်းစုံကနေ ထွေအုပ်ကနေတဆင့် သွားတောင်းဆိုမယ်ဆိုပြီး လုပ်ကြသေးတယ်၊ နောက်ဘယ်လိုဖြစ်လဲမသိဘူး၊ တပတ်လောက်အကြာမှာ ရဲစခန်းလည်းမရောက်ဘူး၊ ဗျူဟာမှာလည်းမရှိဘူးတဲ့၊ မိသားစုတွေကလည်းမသိဘူး၊ သေပြီလို့လည်းကြားတယ် လက်တွေ့မသိရတော့ ပြောလည်းမပြောရဲဘူး” ဟု အမည်မဖော်လိုသူ မတူပီမြို့ခံတစ်ဦးက ပြောသည်။

ဦးငိုင်ကုန်းကို စစ်ကောင်စီကဖမ်းဆီးသည့်နောက်ပိုင်း မည်သည့် သတင်းအစနမှမသိရရှိကြောင်း၊ ပျောက်ဆုံးနေပြီး မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရှိဘဲ တပ်တွင်းသတင်းများအရ စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director Salai Tera က ပြောသည်။

၄င်းက “ဘာသတင်းအစအနမှမသိရဘဲ ပျောက်ဆုံးနေတယ်၊ သူသေဆုံးပြီဆိုရင်လည်း စစ်တပ်က သူ့မိသားစုကိုအကြောင်းကြားတာလည်း မရှိဘူး၊ ဒါပေမယ့်တပ်တွင်းသတင်းအရတော့ ဦးငိုင်ကုန်းကို စစ်တပ်က သတ်လိုက်ပြီလို့ကြားသိရတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ယခင်ကလည်း ယခုကဲ့သို့ ဒေသခံပြည်သူများအား ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်မှုများကြောင့် ချင်းပြည်နယ်တွင် သေဆုံးသွားသူ ၃ ဦးရှိခဲ့ကြောင်း၊ ဟားခါးမြို့နယ် နှီယာန်လှောန်ကျေးရွာသား အသက် ၂၄ နှစ်ရွယ် Pu Ral Cung, ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့ ဖြစ်ကြောင်း သိရသည်။

“ဒီတကြိမ်နဲ့ဆိုရင် မြန်မာစစ်တပ်ကြောင့် ချင်းပြည်နယ်မှာ အစအနပျောက်ဆုံးပြီး သေဆုံးတာ (၄) ယောက်ရှိပြီ အဲဒီ (၄) ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်မှာ လုံးဝတာဝန်ရှိတယ်.. အဲဒါတွေကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်နေတာဖြစ်တယ်.. ဒါတွေဟာ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (Against Humanity) ဖြစ်မြောက်တဲ့အတွက်ကြောင့် မြန်မာစစ် အနေအနေနဲ့ ပြည်သူတွေအပေါ် အခုလိုမျိုးလုပ်ရပ်တွေကို ရပ်တန်းကရပ်တန့်ပေးဖို့ အထူးတောင်းဆိုလိုတယ်” ဟု Salai Tera ကပြောသည်။

ဦးငိုင်ကုန်းသည် မတူပီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်တစ်ဦးဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူမဟုတ်ကြောင်း၊ ၄င်း၏ မိသာစုဝင် ဇနီးနှင့် သားသမီး ၃ ယောက်တို့သည်လည်း ယခုအခါ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sairang ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...