တစ်နှစ်ကျော်ဆောင်ရွက်နေသည့် ကျေးရွာ ၁၅ ရွာ ၂၄ နာရီလျှပ်စစ်မီးရရှိရေး မပြီးမြောက်နိုင်သေး

တစ်နှစ်ကျော်ဆောင်ရွက်နေသည့် ကျေးရွာ ၁၅ ရွာ ၂၄ နာရီလျှပ်စစ်မီးရရှိရေး မပြီးမြောက်နိုင်သေး

ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာတို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း မပြီးနိုင်သေးကြောင်း သိရသည်။

ကားလမ်းမအနီးရှိ မြောက်ဦးမြို့နယ် တိန်ညိုစံပြကျေးရွာအပါအဝင် ဘူးရွက်မညိုး၊ အိုးထိမ်း၊ အောက်သကန်၊ လက္ကာ၊ ရှာရှည်ပြင်၊ ပညာသည်၊ သပြေကန်၊ ရွှေကျင်ပြင်၊ တောင်မြင့် စသည့်ကျေးရွာပေါင်း ၁၁ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၄ ရွာတွင် ယခင် NLD အစိုးရလက်ထက်က ၂၄ နာရီ လျှပ်စစ်မီးရရှိရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်ဇွန်လမှစတင်ကာ ၂၀၂၁ ခုနှစ် ဇွန်လအထိ အဆိုပါမီးလင်းရေးစီမံကိန်းဆောင်ရွက်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရပ်တန့်လိုက်သည်ဟု မီးလင်းရေးဆောင်ရွက်နေသည့် မြောက်ဦးမြို့မှ ဦးကိုစိုးက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအခြေနေ၊ ငွေကြေးအခက်အခဲတွေကြောင့် လုပ်ငန်းတွေကိုရပ်တန့်လိုက်ရတယ်။ ဒီ ၁၂ လပိုင်းနောက်ပိုင်းမှာ ပြန်ပြီးတော့လုပ်မယ်ဆိုပြီးတော့ ပြောလာတယ်။ အခုက စပါးလည်းရိပ်သိမ်းလို့မပြီးသေးတဲ့အတွက် လုပ်လို့မရသေးဘူး။ တလင်းသိမ်းပြီးတဲ့အချိန်မှ လုပ်လို့ရမှာပါ။ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ“ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရခွင့်ပြုသည့် ဘက်ဂျက်ငွေဖြင့် ရန်ကုန်မြို့ရှိလျှပ်စစ်ကုမ္ပဏီတစ်ခုမှ ယင်းကျေးရွာများတွင် လမ်းမီးတိုင်၊ ဝါယာကြိုးသွယ်တန်းသည့်လုပ်ငန်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။

မီးဖြန့်ဖြူးရေး Transformer ကိုလည်း တိန်ညိုစစ်ဘေးရှောင်စခန်းအနီးတွင် ဆောက်လုပ်သွားမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို မသိရသေးကြောင်း ဦးကိုစိုးက ပြောသည်။

တိန်ညိုစံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က “အခုလိုမျိုးကြန့်ကြာနေတာနဲ့ပတ်သက်လို့ ကျနော်တို့ကို အကြောင်းကြားတာတော့မရှိဘူး။ အရင်တုန်းကတော့ တခါတလေအဆက်အသွယ်ရလို့အကြောင်းကြားတာတွေရှိတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အဆက်အသွယ်မရတော့ဘူး“ဟု ဆိုသည်။

အဆိုပါကျေးရွာများထဲမှ တချို့ကျေးရွာများတွင် လမ်းမီးတိုင်များစိုက်ထူထားပြီဖြစ်သော်လည်း တချို့ကျေးရွာများတွင် လက်ရှိအချိန်ထိ တစုံတရာလုပ်ဆောင်ထားခြင်း မရှိသေးပေ။

ရွှေကျင်ပြင်ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးကျော်တင်က “ကျနော်တို့ကတော့ ၂၄ နာရီ မီးအမြန်ဆုံးရရှိဖို့ကို မျှော်လင့်နေကြပါတယ်။ အမြန်ဆုံးလုပ်ဆောင်ပေးစေချင်တယ်။ မီးတခုရသွားရင် ကျနော်တို့ကျေးလက်ဒေသတွေမှာ စီးပွားရေးပဲလုပ်လုပ် အဆင်ပြေသွားမယ်။ မီးမရရှိတဲ့အတွက် အခက်အခဲတွေအများကြီးဖြစ်တယ်။ ထမင်းချက်တာကအစ အခုဆိုရင် ထင်း၊ မီးသွေးတွေလည်း အရမ်းစျေးတက်။ အမြန်ဆုံးလုပ်ဆောင်ပေးစေချင်တယ်လို့တောင်းဆိုချင်ပါတယ်“ဟု ဆိုသည်။

လက်ရှိ ကျေးလက်ဒေသများတွင် ဆော်လာမီး၊ ဖယောင်းတိုင်မီးနှင့် မီးစက်မီးတို့ကိုအသုံးပြုနေကြရသည်။

လက္ကာကျေးရွာတွင် ၂၄ နာရီလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြည်နယ်စစ်ကောင်စီပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ လမ်းမီးတိုင်များ မစိုက်ထူရသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ကပြောသည်။

အဆိုပါကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်ပြီး လာမည့် ၂၀၂၂ နှစ် ဘဏ္ဍာနှစ် ၆ လတာဘက်ဂျက်ငွေတွင် အပြီးဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

“အခု ၆ လတာဘက်ဂျတ်မှာ အပြီးလုပ်ဖို့စီစဉ်နေတယ်။ ၂၀၂၂ ဇန်နဝါရီလကနေစပြီးတော့ လုပ်ဆောင်သွားမှာပါ။ လက္ကာကျေးရွာက ဦးစားပေးပေါ့နော်။ ဘက်ဂျတ်မှာပါတဲ့ ကျေးရွာတွေကိုလည်းသွယ်တန်းပေးမှာပေါ့“ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်စာရင်းအရ ရခိုင်ပြည်နယ် (၁၇) မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးမရးသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...