ရခိုင်ပြည်သို့ ပြည်ပခရီးသွားဝင်ရောက်မှုနည်းပါး

ရခိုင်ပြည်သို့ ပြည်ပခရီးသွားဝင်ရောက်မှုနည်းပါး

ခရီးသွားရာသီရောက်ရှိလာပြီဖြစ်သော်လည်း ရခိုင်ပြည်သို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှု အလွန်နည်းပါးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စစ်ပွဲနှင့် ကိုဗစ်ဒဏ်တို့ကိုခံခဲ့ရသည့်ရခိုင်ပြည်နယ်တွင် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းနေပြီး ကိုဗစ်ကူးစက်မှုလည်း ငါးရာခိုင်နှုန်းအောက်ကျဆင်းလာပြီဖြစ်သဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရန် မျှော်လင့်နေကြသည်။

ရခိုင်ပြည်သို့ ပြည်တွင်းခရီးသွားဧည့်သည်များသာ လာရောက်လည်ပတ်မှုရှိပြီး ပြည်မက ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ အလွန်နည်းပါးနေဆဲဖြစ်ကြောင်း၊ ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ရခိုင်ပြည်သို့လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်ဦးရေ ၃၉၆၄၃ ရှိသည့်အနက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ ၄၉၂ ဦးသာရှိကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

“ကိုဗစ်ကြောင့် ပြည်ပလေကြောင်းလိုင်းတွေပိတ်ထားတော့ ပြည်ပခရီးသည်တွေမလာတော့ဘူး။ သူတို့ကလေကြောင်းလိုင်းနဲပဲ အဓိကလာကြတာလေ။ လေကြောင်းလိုင်းတွေပြန်ဖွင့်တော့ ပြည်ပခရီးသည်တွေလာကြမှာပေါ့။ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကဖြစ်နေတော့ လေကြောင်းလိုင်းတွေက ပြန်မဖွင့်နိုင်သေးဘူး“ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ ပြောသည်။

သို့ရာတွင် ယခုနစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် တစ်နေရာနှင့်တစ်နေရာ အသွားအလာပြတ်တောက်နေကြပြီး တစ်နိုင်ငံလုံးအနှံ့တွင် တရားဥပဒေစိုးမိုးရေးပျက်ပြားနေ၍ လုံခြုံရေးကင်းမဲ့နေသည့်အခြေအနေကြောင့် တစ်နိုင်ငံလုံးတွင် ခရီးသွားမည့်သူမရှိသလောက်ဖြစ်နေသည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မြောက်ဦးမြို့ကို နိုင်ငံခြားခရီးသွားဧည့်သည်များ တစ်ရက်လျှင်ဦးရေ ၂၀၀ ခန့် လာရောက်လည်ပတ်ခဲ့သော်လည်း ယခုအချိန်တွင် တစ်ရက်လျှင်တစ်ယောက်မှ မရောက်သည့် ရက်များလည်းရှိကြောင်း မြောက်ဦးဧည့်လမ်းညွှန်အဖွဲ့မှ အတွင်းရေးမှူး ကိုဇော်လင်းဦးကပြောသည်။

“ခရီးသည်တွေမရောက်တော့ ကျနော်တို့ဧည့်လမ်းညွှန်တွေမှာ အဆင်မပြေဘူး။ တိုက်ပွဲကာလထက် ကိုဗစ်ကာလမှာပိုပြီးတော့ အခက်ကြုံရတယ်။ တချို့ဆိုရင် အိန္ဒိယသုံးဘီးမောင်းတဲ့သူတွေ မောင်းနေရတယ်။ ဧည့်လမ်းညွှန်အချို့ဆို ဟိုတယ်တွေမှာဝင်လုပ်နေရတယ်။ အဖွဲ့အစည်းတွေမှာ ဝင်လုပ်တဲ့သူတွေလည်းရှိတယ်“ဟု DMG သို့ပြောသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုဗစ်ကူးစက်မှုကြောင့် သုံးနှစ်တာကာလအတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ အလွန်နည်းပါးခဲ့သဖြင့် ဧည့်လမ်းညွှန်များမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့်အပြင် တချို့မှာ တခြားအလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ပြီး မိသားစုဝမ်းရေးကိုဖြေရှင်းနေကြရသည်။

“ဒီနှစ်ခရီးသွားရာသီမှာ အမှတ််တရာပစ္စည်းတွေ၊ ဘုရားဆင်းတုတော်တွေအကုန်လုံး အရင်နှစ်ကထက်ရောင်းအားကောင်းပါတယ်။ ရုံးပိတ်ရက်တွေမှာဆိုတော့ လာလည်တဲ့ဘုရားဖူးဧည့်သည်ပိုများတယ်”ဟု မြောက်ဦးမြို့ နေလမင်း အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးဦးမောင်သန်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရခိုင်နှုန်းကျဆင်းခဲ့သည်ဟု ပြည်နယ်ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရသိရသည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ယာယီပိတ်ထားခဲ့ရပြီး စစ်ကောင်စီလက်ထက်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ဟိုတယ်နှင့်တည်းခိုခန်း ၆၀ ခန့်ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ယင်းသို့ ခရီးသွားလုပ်ငန်းထိခိုက်မှုရှိခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်လမှစတင်ပြီး ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေကို လာရောက်အပန်းဖြေသူအရေအတွက် ပြန်လည်မြင့်တက်လာခဲ့သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေသည့်ဒေသခံများမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...