ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို စတင်လုပ်ဆောင်

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို စတင်လုပ်ဆောင်

ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို တောင်ကိုးရီးယားအခြေစိုက် Posco International ကုမ္ပဏီက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်းလွန်လုပ်ကွက် ကနဦးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရန် လုပ်ကွက်ဧရိယာနှင့် (၄)ကီလိုမီတာပတ်လည်တွင် သဘောြင်္ကီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသဘောင်္များနှင့် စက်တပ်သဘောင်္များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းတို့မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေအဆင့်(၂) ဖွံ့ဖြိုးရေးစီမံကိန်းဧရိယာမှာ Drilling Campaign လုပ်ငန်းများကို semi-Submersible Drilling Rig ‘‘OCEAN MONARCH’’ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် တွင်းတူးဖော်မည့် တည်နေရာများ၌ ရေကြောင်းသတိပေးချက်(Notice to Mariners)ကို ထုတ်ပြန်ကြေညာကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် A-1 နှင့် A-3 လုပ်ကွက်များရှိပြီး A-1 ၌ ရွှေနှင့် ရွှေဖြူလုပ်ကွက်တို့ပါရှိကာ ယင်းလုပ်ကွက်များအတွင်းမှ ဖွံ့ဖြိုးရေးတွင်း ၄ တွင်းစီကို စီးပွားဖြစ်တူးဖော်ရန် Posco International က စီစဉ်ထားကြောင်း သိရသည်။

Posco International ကုမ္ပဏီအနေဖြင့် စီမံကိန်းအဆင့် (၂)အပေါ် အမေရိကန်ဒေါ်လာသန်း ၄၇၀ ခန့် ရင်းနှီးမြှုပ်နှံရန်လျာထားပြီး ထပ်မံဆောက်ရွက်မည့်စီမံကိန်းအဆင့်(၃)တွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ရှိကြောင်း သိရသည်။

လက်ရှိနိုင်ငံရေးမတည်ငြိမ်သည့်အချိန်တွင် ယခုကဲ့သို့တူးဖော်မှုများကို မလုပ်သင့်ကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုမျိုးလွင်ကပြောသည်။

“ဒါဟာရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် ဒီမတိုင်ခင်တုန်းကလုပ်ခဲ့တဲ ရွှေဂတ်စ်စီမံကိန်းတုန်းကလည်း ဒီကရခိုင်လူမျိုးတွေအတွက် ဘာမှအကျိုးဖြစ်ထွန်းတာမရှိခဲ့ဘူး။ ထုတ်စရာရှိတာအကုန်ထုတ်ပြီး ရောင်းစရာရှိတာသာအကုန်ရောင်းပြီးသွားတယ်။ ဒီကဒေသခံတွေမှာတော့ အဲဒီရဲ့ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲရကြရတယ်”ဟု ၎င်းကပြောသည်။

ရွှေဂက်စ် သဘာဝဓာတ်ငွေ့မှရရှိလာသည့် အကျိုးအမြတ်အချို့ကို ရခိုင်ပြည်နယ်အတွက်အသုံးပြုရန် ယခင်ကတည်းက တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ မျက်ကွယ်ပြုထားခြင်းကို ခံနေရဆဲဖြစ်ကြောင်းလည်း ကိုမျိုးလွင်ကဆက်ပြောသည်။

လက်ရှိတွင် Posco International ကုမ္ပဏီအနေဖြင့် စီမံကိန်းအဆင့်(၂)ကိုစတင်ရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ထုတ်ယူရန်အပိုင်းသာ ကျန်ရှိတော့သည်ဟု သိရှိထားရကြောင်း ကျောက်ဖြူမြို့နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ အမှုဆောင်ဒါရိုက်တာ ကိုထွန်းကြည်ကပြောသည်။

“သူတို့ကတော့ စီးပွားရေးအရ အကျိုးစီးပွားရေးနဲ့လာတဲ့အတွက် ဒီဟာကိုလုပ်ဖို့သေချာသလောက်ရှိတယ်။ ဒါကိုထုတ်ယူပြီးရင် ဘယ်ကိုရောင်းမလဲဆိုတာတော့ မသိရသေးဘူး။ ဒါပေမယ့် တရုတ်ကိုပဲရောင်းဖို့များတယ်။ စာချုပ်ကလည်း ထုတ်ပြီးသားဆိုတော့ ရခိုင်အတွက်ကတော့ ထပ်ပြီးဆုံးရှုံးဖို့ပဲရှိတယ်”ဟု ၎င်းကဆိုသည်။

သယံဇာတကို ပြည်နယ်များမှထုတ်ယူရာတွင် အဆိုပါပြည်နယ်အတွက်အကျိုးခံစားခွင့်ရှိသင့်သော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်ထောင်စုမှသာချုပ်ကိုင်ထားပြီး နိုင်သူယူစတမ်းစနစ်ဖြင့်သာ လုပ်ကိုင်နေကြောင်း ကိုထွန်းကြည်ကထောက်ပြသည်။

“မြန်မာနိုင်ငံဆိုတာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်သင့်တယ်။ ဒီလိုအချိန်မှပဲ ဒီလိုသယံဇာတတွေထုတ်ယူတာကိုလုပ်သင့်တယ်။ ဒါကြောင့် ဒီလိုဖက်ဒရယ်ပြည်ထောင်စုကြီးမဖြစ်ခင်ကြားမှာ ဒီလိုသယံဇာတထုတ်ယူမှုတွေကို ရပ်တပ်ထားသင့်ပါတယ်”ဟု ၎င်း၏အမြင်ကိုပြောသည်။

ရွှေစီမံကိန်းကို Posco International က အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ယင်းကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားကုမ္ပဏီ KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယအခြေစိုက် ONGC နှင့် GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အဆိုပါ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းထံ ၂၀၁၃ ခုနှစ်မှစတင်ကာ ပိုက်လိုင်းများဖြင့်ပို့လွှတ်ရောင်းချခဲ့ပြီး စာချုပ်အရ နေ့စဉ်ကုဗပေသန်း ၅၀၀ ကျော်ပို့လွှတ်နေကြောင်း သိရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...