ပုဏ္ဏားကျွန်း-ရသေ့တောင်သွားလမ်းကို ပြန်ပိတ်ထားဟုဒေသခံများပြော

ပုဏ္ဏားကျွန်း-ရသေ့တောင်သွားလမ်းကို ပြန်ပိတ်ထားဟုဒေသခံများပြော

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားသည့်လမ်းကို နိုဝင်ဘာလပထမအပတ်မှစ၍ ဖြတ်သန်းသွားလာခွင့် ပြန်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

ယင်းသို့ လမ်းကိုယာယီပိတ်ထားမည်ဖြစ်ကြောင်းကို စစ်တပ်စစ်ဆေးရေးဂိတ်များမှ နိုဝင်ဘာ ၆ ရက်နေ့ကပြောလိုက်ကြောင်း အဆိုပါလမ်းတွင်ပြေးဆွဲနေသော လုံခြုံရေးအရအမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လမ်းမပိတ်ခင်နေ့က မနက်ဖြန်ဆိုရင် လမ်းတွေကိုယာယီပိတ်ထားမယ်။ ဖြတ်သန်းခွင့်မပြုဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ ဘယ်အချိန်ထိပိတ်မယ်၊ ဘာကြောင့်ပိတ်တယ်ဆိုတာတော့ ကျနော်တို့လည်းမသိပါဘူး“ဟု ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာ၊ လက်ဝဲစာတိုက်ကျေးရွာ၊ ဖက်ကျကျေးရွာအနီးတို့ရှိ စစ်တပ်စစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းသွားသည့်ကားများကို လမ်းယာယီပိတ်မည့်အကြောင်းပြောဆိုလိုက်သည်ဟု ယာဉ်မောင်းများကပြောဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်းကလည်း ပုဏ္ဏားကျွန်း-ရသေ့တောင်သွားလမ်းကို တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ပြီး လွန်ခဲ့သောလအနည်းငယ်ကမှ ပြန်လည်သွားလာခွင့်ရခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းမှာ ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံများအသုံးပြုသွားလာနေသည့်လမ်းဖြစ်ပြီး ယခုလမ်းပိတ်ထားသဖြင့် ရေလမ်းကြောင်းကိုအသုံးပြုပြီးသွားလာနေရသည်ဟု ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်ကပြောသည်။

“ဒီလိုမျိုးပိတ်ထားတော့ အဲဒီလမ်းကိုမှီခိုနေကြတဲ့ခရီးသည်တွေကော ဒေသခံတွေရဲ့ကျန်းမာရေး၊ စီးပွားရေးတွေ တော်တော်လည်းအခက်အခဲဖြစ်မယ်။ ကျနော်တို့ဖက်ကဒေသခံတွေဟာ ဒီလမ်းကိုအဓိကထားပြီး ရခိုင်တစ်ပြည်နယ်လုံးကိုဆက်သွယ်နေတဲ့လမ်းဖြစ်တယ်။ ဒီလမ်းကိုအကြာကြီးပိတ်ထားမယ်ဆိုရင်တော့ အရမ်းအခက်အခဲဖြစ်လာမယ်“ဟု ၎င်းကဆိုသည်။

ကုန်းလမ်းကိုပိတ်ထားသည့်အတွက် ဒေသခံများမှာ ရေလမ်းခရီးမှသွားလာနေရကာ ခရီးကြန့်ကြာမှုအပြင် ငွေကြေးကုန်ကျမှုလည်းပိုများကြောင်း ပြောဆိုကြသည်။

ယင်းလမ်းကို အချိန်ကြာမြင့်စွာအသွားအလာပိတ်ထားပါက လမ်းကိုအားကိုးပြီးပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအတွက်လည်း အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောသည်။

အမည်မဖော်လိုသည့် နောက်ထပ်ယာဉ်မောင်းတစ်ဦးက “ကျနော်တို့မှာ ကားမပြေးဆွဲရတာ အခုဆိုရင်တစ်ပတ်လောက်ရှိတော့မယ်။ ဆက်ပြီးပိတ်ထားရင်တော့ စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်တယ်“ဟု ပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်သွားလမ်းပိတ်ထားသည်ဟု ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...