Frontier Myanmar သတင်းအယ်ဒီတာ အမေရိကန်နိုင်ငံသားကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

Frontier Myanmar သတင်းအယ်ဒီတာ အမေရိကန်နိုင်ငံသားကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

Frontier Myanmar သတင်းဌာန သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်သား ဒန်နီဖန်စတာကို အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၁၁ နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

ဒန်နီဖန်စတာမှာ နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန်အမိန့်ချမှတ်ခံရပြီး မတရားအသင်းနှင့်ဆက်သွယ်မှုပုဒ်မ- ၁၇(၁)အရ ထောင်ဒဏ် ၃ နှစ်၊ လဝကအက်ဥပဒေပုဒ်မ- ၁၃(၁)အရ ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်းကျခံစေရန် အထူးတရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးသန်းဇော်အောင်က ပြောသည်။

“အပြီးသတ်စီရင်ချက်အမိန့်ချမယ့်ရက်ရုံးချိန်းက ၁၅ ရက်နေ့။ ဒါပေမဲ့ မနေ့ကတရားရုံးက ဖုန်းဆက်လာပြီး ဒီနေ့မှာပဲ အမိန့်ချလိုက်တယ်။ ချလိုက်တဲ့ပြစ်ဒဏ်ကလည်း တော်တော်များတယ်။ ငွေဒဏ်လည်းပါတယ်။ ငွေဒဏ်မဆောင်ဘူးဆို ထောင်ဒဏ်ခြောက်လထပ်ချမှာမို့ ငွေဒဏ်ဆောင်ခဲ့ရတယ်”ဟု DMG သို့ပြောသည်။

ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံရသူ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို နိုဝင်ဘာလ ၉ ရက်နေ့ကလည်း နှစ်ရှည်ထောင်ဒဏ်အမိန့်များချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖိုက်ရေးဥပဒေပုဒ်မ- ၅၀(က)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၁၂၄(က)တို့ဖြင့် ထပ်မံတရားစွဲဆိုထားသည်။

သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာဖြစ်သူ ဒန်နီဖန်စတာမှာ နှစ်ရှည်ထောင်ဒဏ်ကျခံစေရမည့် အမိန့်များချမှတ်ခံရမှုအပေါ် များစွာစိတ်ပျက်မိကြောင်း Frontier Myanmar သတင်းဌာနမှ ထုတ်ပြန်ထားသည်။

ဒန်နီဖန်စတာကို စွဲဆိုထားသောအမှုများမှာ မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လိုင်စင်ရုပ်သိမ်းခံထားရသည့် မီဒီယာ(Myanmar Now သတင်းဌာန)တွင် အလုပ်လုပ်ကိုင်ခဲ့သည်ဆိုသော အချက်အပေါ်အခြေပြုပြီး ပုဒ်မများတပ်ထားခဲ့ခြင်းသာဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီမှ အခြေပြုထားသည့်အချက်မှာ မှားယွင်းနေပြီး ဒန်နီဖန်စတာအနေဖြင့် Myanmar Now သတင်းဌာနမှ ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းကပင်နှုတ်ထွက်ထားပြီဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသည့် ၂၀၂၁ ခုနှစ် မေလတွင် Frontier Myanmar တွင် အလုပ်လုပ်ကိုင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမိန့်ချမှတ်လိုက်သည့်တရားရုံးအနေဖြင့်လည်း ဒန်နီဖန်စတာ၏ Frontier Myanmar သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် မှတ်တမ်းများနှင့် Frontier Myanmar သတင်းဌာမှ ဝန်ထမ်းတစ်ဦးတို့၏ သက်သေထွက်ဆိုချက်များကို လစ်လျူရှုခဲ့ကြောင်းလည်း Frontier Myanmar ၏ ထုတ်ပြန်ချက်ကဆိုသည်။

ယခုနှစ်အတွင်း သတင်းထောက်များအပေါ် ထောင်ဒဏ်ချမှတ်ခြင်းများအနက် ဒန်နီဖန်စတာအပေါ် ချမှတ်သည့်ပြစ်ဒဏ်မှာ အမြင့်ဆုံးဖြစ်ကြောင်းနှင့် သတင်းထောက်လောကအတွက် ကြီးမားသည့် ဂယက်ရိုက်ခတ်မှုကိုဖြစ်စေနိုင်ကြောင်း ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်ကသုံးသပ်သည်။

“သတင်းထောက်အလုပ်က ဒီလောက်တောင် ထောင်ကျနိုင်တယ်ဆိုတာမျိုးကို ဂယက်ရိုက်ခတ်သွားနိုင်သလို အမေရိကန်နိုင်ငံသား တစ်ယောက်ကိုတောင် ဒီလိုအမိန့်ချတယ်ဆိုရင် ပြည်တွင်းကလူဆို ဒီထက်လျော့စရာအကြောင်းမရှိဘူးဆိုပြီး အမြင်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဒန်နီဖန်စတာအပေါ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လနှင့်ချီ တရားရုံးထုတ်နေရာမှ ပုဒ်မများထပ်တိုးတရားဆွဲဆိုခြင်းမှာ အကျိုးကြောင်းစီလျော်ခြင်းမရှိပဲ အခြားသောပယောဂ(နိုင်ငံရေးပယော)များကြောင့် တိုးလာခြင်းဖြစ်သည်ဟု ယူဆစရာများလည်း ရှိနေကြောင်း ဦးမြင့်ကျော်က ထပ်လောင်းပြောဆိုသည်။

ဒန်နီဖန်စတာမှာ ပြီးခဲ့သည့်မေလက ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်နှင့် မိသားစုဖြင့်တွေ့ဆုံရန်အတွက် အမေရိကန်ကိုပြန်လည်ထွက်ခွာစဉ် လေဆိပ်တွင် စစ်ကောင်စီမှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...