မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲ ရခိုင်ပြည်နယ်တွင် ပြုလုပ်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲ ရခိုင်ပြည်နယ်တွင် ပြုလုပ်
by -
နိရဥ္စရာ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကမကထ ပြုလုပ်၍ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် မီဒီယာမဏ္ဍိုင်တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်တစ်ချို့၊ ရခိုင်ပြည်နယ် တရားသူကြီးချုပ်၊ မြန်မာသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အနှံ့အပြားနှင့် ရန်ကုန်အခြေစိုက် ရခိုင်သတင်းသမားများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

“ဒီနေ့တွေ့ဆုံမှုဟာ ကျနော်တို့ ပြည်နယ်အတွက် မင်္ဂလာရှိပြီးတော့ ဒီလိုမျိုး တွေ့ဆုံနိုင်တာဟာ ကျနော်တို့ နိုင်ငံနဲ့ ပြည်နယ်အတွက် အလားအလာ ကောင်းတစ်ခု ဖြစ်ပါတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံဟာ လွတ်လပ်ရေးရပြီးစက အဖက်ဖက်က တိုးတက်ကောင်းမွန်နေခဲ့ပါတယ်။ အဘက်ဘက် တိုးတက်နေရာ အနေအထားက နေပြီးတော့ အခြေအနေ အရပ်အရပ်တွေကြောင့် သတင်းမီဒီယာလောကလည်း ပျက်စီးသွားခဲ့ရပါတယ်”ဟု ၀န်ကြီးချုပ်ဦးညီပုက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သတင်းမီဒီယာ လောက ပျက်စီးခဲ့မှုကြောင့် ကဏ္ဍအသီးသီးတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး၊ သတင်းလောက ဦးမော့လာစေရန် အချိန်ယူ လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ယခု ကာလတွင် မီဒီယာလောကသည် တွားသွားအဆင့်တွင်သာ ရှိသေးကြောင်း၊ အချက်အလက်များကို အသုံးပြု၍ သတင်းမှန်ဖြစ်အောင်၊ သတင်း တန်ဖိုးရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာသတင်းမီဒီယာကောင်စီမှ ဒုဥက္ကဋ္ဌ ၁ ဦးအောင်လှထွန်းက အမှာ စကားပြောကြားရာတွင် “ဒီမိုကရေစီ လူ့ဘောင်တစ်ခုမှာ ပြည်သူတွေအနေနဲ့ ကိုယ်တို့တင်မြှောက်လိုက်တဲ့ အစိုးရဟာ ဘယ်လိုအုပ်ချုပ်လဲ၊ ပေးလိုက်တဲ့ အခွန်တွေကို ဘယ်လိုအသုံးပြုလဲဆိုတဲ့ သတင်းအချက်အလက်တွေကို သိရှိ ပိုင်ခွင့်ရှိပါတယ်။ ဒီသတင်းအချက်အနဲ့တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ အနေနဲ့ အစိုးရကောင်းကွက်ကိုရော၊ ဆိုးကွက်ကိုရော ပြည်သူတွေကို ချပြရပါတယ်”ဟု ပြောကြားခဲ့သည်။

စတုတ္တမဏ္ဍိုင် သတင်းလောက ဖွံ့ဖြိုးတိုးတက်လာစေရန် အခြားမဏ္ဍိုင်ကြီး ၃ ရပ်က သတင်းအချက်အလက် ပေး ပံ့ပိုးကူညီမှ ရနိုင်မည်ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီပြောင်းလဲခါစ ကာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်သာမက ပြည်ထောင်စု အဆင့်တွင်ပင် မဏ္ဍိုင် ၃ ရပ်အနေဖြင့် သတင်းမီဒီယာများနှင့် ထိတွေ့ဆက်ဆံမှု နည်းသေးကြောင်း သုံးသပ်ပြောကြားခဲ့ကြသည်။

သတင်းမီဒီများနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တွင် ရခိုင် သတင်းသမားများကို ကိုယ်စားပြု၍ သတင်းထောက် ၅ ဦးက မဏ္ဍိုင် ၃ ရပ်နှင့် ဆက်ဆံ သတင်းရယူရာတွင် အခက်အခဲများကို တင်ပြပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်တို့ ပြန်လည်ဖြေကြားမှုများကို ပြုလုပ်ခဲ့ကြသော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က ဖြေကြားရန်အတွက် ထိထိရောက် တာဝန်ရှိသူများကို စေလွှတ်သည်ကို မတွေ့ရှိခဲ့ရပေ။

“ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ကျမအနေနဲ့ အားရကျေနပ်မှု မရှိပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်က ထိထိရောက်ရောက် တာဝန်ရှိသူတွေ မတက်ရောက်တဲ့အပြင် အခြားဖြေကြားခဲ့ကြတဲ့ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေရဲ့ ဖြေကြားချက်တွေအပေါ်မှာလည်း အားရကျေနပ်မှု မရှိပါဘူး”ဟု မြန်မာတိုင်း(မ်) သတင်းထောက် ရည်ရွယ်မြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပြန်ကြားရေး အရာရှိများကို ထားရှိကြောင်း သတင်းအချက်အချက်များရယူလိုပါက တာဝန်ရှိ အရာရှိကို မေးမြန်းပြီး သတင်းရယူနိုင်သည်ဟု ဖြေကြားခဲ့သည်။

“သိပ်တော့ အားရကျေနပ်မှု မရှိပါဘူး။ ဒါပေမယ့် ဒီတွေ့ဆုံမှုကနေ အပြန်အလှန် ချိတ်ဆက်မှုကို ရရှိနိုင်ခဲ့ပြီးတော့ အပြန်အလှန် လေးစားမှုတွေကိုလည်း ရရှိခဲ့ပါတယ်”ဟု DVB သတင်းထောက် ကိုအောင်က ပြောသည်။

Development Media Group မှ တာဝန်ခံ ကိုမိုးဇော်မြင့်ကလည်း “သိပ်အားရကျေနပ်မှု မရှိပါဘူး။ အုပ်ချုပ်ရေးမဏ္ဍ်ိုင်ဘက်က အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေက ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပေမယ့် အပြန်အလှန်ဆွေးနွေးတဲ့အဆင့်မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တွေပဲ တက်ရောက်ခဲ့ကြပါတယ်။ ကျနော်တို့ သတင်းထောက်တွေအနေနဲ့ သတင်းရယူရာမှာ အဓိက အခက်အခဲရှိနေတာဟာ ပြည်နယ်အဆင့်မှာပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ သတင်းသမားများအခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒုဥက္ကဋ္ဌ ၁ ဦးအောင်လှထွန်းက မီဒီယာများကို ပြောကြားရာတွင် သတင်းသမားများအနေဖြင့် အတွေ့အကြံု နည်းသည်ကို တွေ့ရှိရကြောင်း၊ သတင်းသမားတစ်ဦးအတွက် အဓိက ဒိုင်းကာမှာ ကျင့်ဝတ်ဖြစ်ကြောင်း၊ ကျင့်ဝတ်ရှိလျှင် အားလုံး၏ လေးစားမှုကို ခံရကြောင်း၊ သတင်းရေးသားရာ၌ မျှမျှတတလုပ်လျှင် အဆင်ပြေမည်ဟု ဖြေကြားခဲ့သည်။

ယနေ့ပြုလုပ်သော မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲဖွင့်ပွဲအခန်းအနားသို့ မဏ္ဍိုင်ကြီး ၃ ရပ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနှင့် သတင်းထောက်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲကျော်တွင် စတင်ပြီး နေ့လယ် ၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။

မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်ထောင်စုအဆင့် ပြုလုပ်ခဲ့ပြီဖြစ်သော်လည်း ပြည်နယ်နှင့်တိုင်းအဆင့်ပြုလုပ်ရာတွင် ရခိုင်ပြည်နယ်သည် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...