ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု စစ်ကောင်စီပြောသော်လည်း လွတ်မြောက်သူ ၄၀၀၀ ကျော်သာရှိဟု AAPP ထုတ်ပြန်

ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု စစ်ကောင်စီပြောသော်လည်း လွတ်မြောက်သူ ၄၀၀၀ ကျော်သာရှိဟု AAPP ထုတ်ပြန်
Photo Crd - Eleven Media
Photo Crd - Eleven Media

နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၆၃၆) ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ လွတ်မြောက်သူ (၄၀၆၅) ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ လွတ်မြောက်သူများထဲမှ နာမည်နှင့်တကွ အတည်ပြုလွတ်မြောက်သူ ၄၈၀ ဦးသာရှိပြီး လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းများချက်ချင်းရရှိရန် တစ်ဦးချင်းစီ၏ အချက်အလက်များကို အတည်ပြုဆက်လက်စိစစ်နေသည်ဟု AAPP က ဆိုသည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆) ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ယခင်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံရသူများ၏ အချက်အလက်များကို တရားဝင်ထုတ်ပြန်လေ့မရှိဘဲ လွှတ်ပေးသည့်အခါတွင်လည်း မည်သူတို့ကိုလွှတ်ပေးလိုက်သည်ဆိုသော စာရင်းကိုလည်း တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း AAPP ထောက်ပြသည်။

ယင်းကြောင့် မတရားဖမ်းဆီးခံရသူများနှင့် ပြန်လည်လွှတ်ပေးလိုက်သူများ၏ အချက်အလက်များကို အများပြည်သူသိရှိနိုင်စေရန်အတွက် တရားဝင်တိတိကျကျထုတ်ကြေညာရမည်ဟု AAPP က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် သေဆုံးသူစုစုပေါင်း ၁၂၁၃ ဦးနှင့် ဖမ်းဆီးခံရသူဦးရေ ၉၂၂၃ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာလ ၂၆ ရက်နေ့အထိ စာရင်းအရသိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုစတင်သည့်နေ့မှစ၍ မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ပြည်သူလူထုများ ဖမ်းဆီးခံရမှု၊ သေဆုံးခဲ့ရမှုများကို မှတ်တမ်းတင်နေသော အဖွဲ့တစ်ခုဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း AAPP မှ ကောက်ယူထားသည့် သေဆုံးမှုကိန်းဂဏန်းများမှာ ယုံကြည်စိတ်ချသည့်အရင်းအမြစ်မဟုတ်ကြောင်း၊ ယင်းစာရင်းများသည် ယုံကြည်စိတ်ချရမှုမှာ မေးခွန်းထုတ်ဖွယ်ရာများဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ပြောကြားထားသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...