ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုကြောင့် သုံးရက်လျှင် တစ်ဦး နှုန်းသေဆုံး

ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုကြောင့် သုံးရက်လျှင် တစ်ဦး နှုန်းသေဆုံး
Photo - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
Photo - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင် တစ်ဦးနှုန်းခန့်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ (၁၇) မြို့နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆမှု ၃၃၇ မှုဖြစ်ပွားခဲ့ပြီး ၁၁၄ ဦးသေဆုံးကာ ၄၆၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ ၂၀၂၀ ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ၁၂၁ ဦး သေဆုံးခဲ့ပြီး ၂၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိစာရင်းများအရ ရှစ်လအတွင်း ၈၅ ဦးသေဆုံးကာ ၁၅၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယာဉ်မတော်တဆဖြစ်ပွားမှုအရေအတွက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ မကျဆင်းကြောင်း အမှတ် (၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရခိုင်) မှ ဒု-တပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ ပြောသည်။

“အခုက ကိုဗစ်ကာလဆိုတော့ Lock Down တွေဘာတွရှိခဲ့တယ်။ လူတွေသွားလာမှုလျော့နည်းခဲ့တာကြောင့် ယာဉ်မတော်တဆမှုတွေ သိသိသာသာလျော့ကျလာတယ်။ ဒါပေမဲ့ သေဆုံးမှုက ကျမသွားဘူး။ ယာဉ်မတော်တဆမှုသုံးမှုဖြစ်ရင် လူက နှစ်ယောက်လောက်သေဆုံးတယ်။ ပျမ်းမျှပေါ့နော်။ လက်ရှိအခြေအနေအရဆို ရခိုင်မှာ စစ်ဘေးကြောင့်လူမသေဘဲ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေပိုများလာတယ်” ဟု ဒု-တပ်ခွဲမှူး မြတ်မိုးကျော်သူကဆိုသည်။

ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု လျော့နည်းကျဆင်းစေရန် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်လိုအပ်ကာ ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်စီးဦးထုတ်ကို တပ်ဆင်ရန်လိုအပ်ကြောင်း၊ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ရန် မပြုသင့်ကြောင်း ၎င်းကရှင်းပြသည်။

“ယာဉ်မောင်းရင် အရက်သေစာသောက်စားပြီး မောင်းကြတယ်။ ရခိုင်ပြည်မှာက ကွန်ကရစ်လမ်းတွေများတယ်။ ကွန်ကရစ်လမ်းက ကတ္တရာလမ်းနဲ့ မတူဘူး။ ကြွပ်ဆပ်တဲ့အတွက် ဆိုင်ကယ်မတော်တဆမှုဖြစ်ရင် ကျိုးရင်ကျိုး မကျိုးရင်ကွဲပြဲဒဏ်ရာရတာပဲ။ ပြီးတော့ ဒီကလူတွေက ဆိုင်ကယ်ဦးထုပ်ဆောင်းတာ နည်းတော့ ယာဉ်မတော်တဆမှုဖြစ်တာနဲ့ အသက်ဆုံးပါးနိုင်ခြေ ပိုများကုန်တာပေါ့” ဟု ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက ရှင်းပြသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအရေအတွက် လျှော့နည်းကျလာစေရန် ဆောင်ရွက်နေသော်လည်း ဝန်ထမ်းအင်အားမလုံလောက်မှု၊ ပြည်သူများပူးပေါင်းပါဝင်မှု နည်းပါးမှုတို့ကြောင့် ထင်သလောက်ခရီးမပေါက်ကြောင်း ဒုတပ်ခွဲမှူးက ဆိုသည်။

“လက်ရှိမှာက မြို့ပြလူဦးရေထူထပ်လာပြီ။ နောက်ပြီး လူအတော်များများက ယာဉ်စီးကမ်းလမ်းစည်းကမ်းကို မသိနားမလည်ကြဘူး။ပြီးတော့ အရက်သေစာ သောက်စားပြီး ဆိုင်ကယ်မောင်းကြတဲ့ သူတွေကလည်း ရှိနေတော့ အခုလို ယာဉ်တော်တဆမှုတွေ ဖြစ်လာတယ်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက်လည်းများလာတယ်” ဟု စစ်တွေမြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းကပြောသည်။

ပြည်သူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စီးကမ်းလမ်းစည်းကမ်းကို စနစ်တကျ လိုက်နာရန်လိုုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးကိုလည်း အလေးပေးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...