မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန်အား “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်း

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန်အား “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်း

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန် အသက် ၇၅ နှစ်ပြည့်နေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာမွန်အသင်းအဖွဲ့များဦးဆောင်၍ “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်းသည့်အခမ်အနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ယနေ့နံနက်တွင် ကျင်းပခဲ့သည်။

ကိုဗစ် ၁၉ စည်းကမ်းချက်နှင့်အညီ အခမ်းအနားကိုအကျဥ်းရုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် ဆုတံဆိပ်အပ်နှင်းသူများ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ဟံသာက “အနယ်နယ်အရပ်ရပ်က မျိုးချစ်ပုဂ္ဂိုလ်တွေပေါင်းစုပြီးတော့ ကျနော်တို့ ဂုဏ်ထူးဆောင်ဥက္ကဌကြီးကို ရဲရင့်သောဟင်္သာ မြန်မာလိုအဓိပ္ပါယ်ရတဲ့ ဝီရဟံသာ ဆုတဆိပ်တော် လာရောက်ချီးမြှင့် ပေးတာကို မွန်ပြည်သစ်ပါတီကိုယ်စား အထူးပဲကျေးဇူးတင်ရှိတယ်လို့ ပြောလိုပါတယ်၊ ဥက္ကဌကြီးဟာ လူငယ်ဘဝမှာပဲ မွန်တော်လှန်ရေးကို စတင်ဝင်ရောက်ခဲ့တာ ဒီနေ့ဆိုရင် သက်တမ်းအားဖြင့် ၅၇ နှစ်ရှိခဲ့ပါပြီ၊ သူရဲ့တစ်သက်တာလုံးမှာ မိမိကိုယ်ကျိုး မိသားစုအကျိုးကိုလုံးဝမငဲ့ညှာခဲ့ဘဲ မွန်တော်လှန်းရေးမှာပဲ ဘဝကိုမြှုပ်နှံခဲ့သူပါ၊ သူ့လိုပုဂ္ဂိုလ်မျိုး ရှားပါတယ်” ဟု ပြောသည်။  

ဂျပန်၊ အမေရိကန်၊ ကိုးရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံအခြေစိုက် မွန်အသင်းအဖွဲ့ ၁၉ ဖွဲ့က “ဝီရဟံသာ” ရွှေတံဆိပ်ရင်ထိုးနှင့်အတူ ထိုင်းဘတ်ငွေ ၂ သိန်းကျော်ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရသည်။

နိုင်ငံတကာမွန်အသင်းအဖွဲ့များ၏ ကိုယ်စား နိုင်ကရတ်ဂျော်က “ဝီရဟံသာကို ကျနော်တို့ မွန်ပညာရှင်တွေ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားတာက ရဲရင့်သောယောက်ျား၊ လုံ့လဝီရိယရှိသော ယောက်ျား၊ လူအများတကာ လေးစားအားထားအပ်သော ယောက်ျား ဆိုတာပါပဲ၊ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန်ဟာ ဒီအချက်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒီဆုတံဆိပ်တော်ကို ကျနော်တို့ ချီးမြှင့်ဂုဏ်ပြုရတာဖြစ်ပါတယ်” ဟု Online Zoom Meeting ဖြင့် အခမ်းအနားသို့ မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။

နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားအဆင့်မှနေ၍ တာဝန်အဆင့်ဆင့်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီး နောင်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တွင် ဗိုလ်ချုပ်ရာထူးအဆင့်အထိလည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနှင့် ဗဟိုစစ်ကော်မတီ ဥက္ကဌ၊ ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ (၄) ဦးမြောက် ဥက္ကဌဖြစ်လာပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီညီလာခံ၌ ကျန်းမာရေးအရ ဂုဏ်ထူးဆောင်ဥက္ကဌကြီးအဖြစ် နိုင်ထောမွန်အား တာဝန်လွှဲပြောင်းအပ်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...