ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထား

ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထား

စစ်ကောင်စီကိုတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာကိုအောင်နိုင်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့် (၂၃) နှစ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က ကားအမဲရောင်တစ်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကိုအောင်နိုင်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည) ဖြင့် မြောက်ဦးမြို့ရဲစခန်းတွင်အမှုဖွင့်ကာ ပထမအကြိမ်ချုပ်ရမန်ယူခဲ့သည်ဟု အစ်မဖြစ်သူ မနုနုရီက DMG သို့ပြောသည်။

“မောင်လေးကို ၅၀(ည) နဲ့ အမှုဖွင့်ထားတယ်။ တနင်္လာနေ့က မြောက်ဦးရဲစခန်းကို ကျွန်မတို့သွားခဲ့ကြပေမယ့် သူနဲ့တော့မတွေ့ဖြစ်ခဲ့ဘူး။ အမှုဖွင့်တယ်ဆိုတာပဲ သိခဲ့ရတယ်။ ဘယ်ကဖွင့်တာလည်း၊ ဘာကြောင့်ဖွင့်ထားလဲဆိုတာကို တိတိကျကျမသိရသေးဘူး” ဟု မနုနုရီကပြောသည်။

ကိုအောင်နိုင်မြင့်မှာ ‘မင်းဒီပါ’ ကလောင်အမည်ဖြင့် ဝတ္ထုများရေးသားပြီး ပြီးခဲ့သည့်လအတွင်းကလည်း ‘မာယာကင်းမဲဇုံ’ အမည်ပေးထားသည့် လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သေးသည်။

“မှန်ကန်တာတစ်ခုကို လိုချင်တယ်။ မဟုတ်မမှန်ဘဲ တရားစွဲဆိုမှုတွေကိုတော့ မလုပ်စေချင်ဘူး။ PDF နဲ့ ဆက်သွယ်လုပ်တယ်၊ မလုပ်ဆိုတာကို မှန်ကန်ချက်တစ်ခုဖြစ်စေချင်တယ်။ သူ့ကိုစာရေးဆရာတစ်ယောက်လို့မသိကြဘူး။ လူတွေကို အထင်အမြင်အမှားတွေနဲ့မမြင်စေချင်ဘူး” ဟု မနုနုရီကပြောသည်။

လက်ရှိတွင် ကိုအောင်နိုင်မြင့်ကို မြောက်ဦးရဲစခန်း၌ ထိန်းသိမ်းထားပြီး လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဒုတိယအကြိမ် ရမန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်နိုင်မြင့်ကို အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးရဲစခန်းသို့ DMG မှ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ ယင်းအကြောင်းအရာများနှင့် ပတ်သက်၍လည်း DMG မှ သီးခြားအတည်မပြုနိုင်သေးပေ။

သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကိုလည်း PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)၊ ၅၂(က) တိုဖြင့် သံတွဲမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...