Covid-19 ပိတ်ဆို့မှုများကြောင့် KIO နယ်မြေတွင် ဓါတ်ဆီနှင့် ဒီဇယ်များ ပြတ်လပ်

Covid-19 ပိတ်ဆို့မှုများကြောင့် KIO နယ်မြေတွင် ဓါတ်ဆီနှင့် ဒီဇယ်များ ပြတ်လပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ဓာတ်ဆီဆိုင်အချို့ ဆီပြတ်လပ်ခြင်းကြောင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆိုင်များ ယာယီပိတ်ထားရကြောင်း သိရသည်။

Covid-19 ရောဂါအခြေအနေအရ တရုတ်နိုင်ငံမှ နယ်စပ်ဂိတ်များကို လုံခြုံရေးတင်းကျပ်လိုက်တာကြောင့် ကုန်သွယ်ရေး အခက်ခဲရှိနေကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဓိကကော့ ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်ဘက်က ဆီသယ်ယူဖို့ ခက်သွားပြီ။ လွတ်လွတ်လပ်လပ် ကုန်ပစ္စည်းတွေကို ရောင်းချပေးဖို့ သူတို့ ခက်သွားတယ်ပေါ့။ ပိုပြီးတော့ တရုတ်ပြည်ဘက်ခြမ်းကို ကိုဗစ်ရောဂါ မဝင်လာအောင် သူတို့နယ်စပ်မှာ လုံခြုံရေးယူပြီး ကာကွယ်တဲ့အတွက် ကျနော်တို့ ကုန်ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် မသယ်ယူနိုင်တော့တာကြောင့် ဓာတ်ဆီဈေးတွေ တက်သွားရတယ်။” ဟု KNG ကချင်သတင်းဌာနကိုပြောသည်။

လက်ရှိ ဓာတ်ဆီ ၃၀၀ မီလီလီတာ ဗူးသေး ၁ ဗူး- ၁ ထောင်ကျပ်၊ ၅၀၀ မီလီလီတာ ဗူးလတ် ၁ ဗူး-၁၈၀၀ ကျပ်နှင့် ၁.၅ လီတာ ဗူးကြီး ၁ ဗူး ၆၆၀ ၀ကျပ်ဖြင့် လိုင်ဇာဒေသခံများ ဝယ်ယူအသုံးပြုနေကြရသည်။

နိုင်ငံရေးပဋိပက္ခ ပြင်းထန်လာပါက ရင်းနှီးထားသည်များ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်မိတယ်လို့ လိုင်ဇာ ဓာတ်ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“လောလောဆယ် ဂိုဒေါင်က လက်ကျန်ဆီလေးတွေကို နဲနဲစီထုတ်ရောင်းပေးနေတယ်။ အဝင်မရှိတော့ဘူး။ ကိုဗစ်ရောဂါကြောင့်လဲ ဟုတ်တယ်။ တရုတ်ဘက်က ဝင်ဖို့ခက်သွားပြီ။ ကျနော်တို့က တရုတ်ဆီပဲ ရောင်းတယ်။ မြစ်ကြီးနားက ဆီ ယူမသုံးဘူး။ ဆီလာမေးတဲ့သူတွေ လာလာနေကြတော့ ဘူးလေးထဲထည့်ပြီး နဲနဲစီရောင်းပေးနေတယ်။” ဟု ၎င်းက KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကုန်ဈေးနှုန်းနှင့် ဓာတ်ဆီဈေး မြင့်တက်မှုကြောင့် သွားရေးလာရေးခက်ခဲနေတယ်လို့ လိုင်ဇာဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

“သွားရေးလာရေးခက်ခဲလာတယ်။ ကိုယ်လုပ်ရမဲ့အလုပ်တွေကို အချိန်မီ မလုပ်နိုင်တော့ဘူး။ ကျမတို့က တစ်လမှ ဝင်ငွေက နဲနဲလေး ဓာတ်ဆီက ၁ ဗူး ၅ ထောင် မကတော့ဘူး။ ဓာတ်ဆီသာမကဘူး ကုန်ဈေးနှုန်းကလဲ တက်တော့ မကိုက်တော့ဘူး။ ဖြစ်နိုင်ရင် ဈေးတွေကို ကျစေချင်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လမှစ၍ တရုတ်ပြည်ဘက်မှ ဓာတ်ဆီအဝင်မရှိတော့သဖြင့် စျေးနှုန်း ပိုမြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...