မြစ်ကြီးနားတွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃ ဦး ပြစ်ဒဏ်စေ့၍ ပြန်လွတ်လာ

မြစ်ကြီးနားတွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃ ဦး ပြစ်ဒဏ်စေ့၍ ပြန်လွတ်လာ
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း

ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃ ဦးသည် ချမှတ်ခံထားရသည့် ထောင်ဒဏ်ပြစ်ဒဏ် ကျခံပြီးနောက် မြစ်ကြီးနားအကျဉ်းထောင် မှ ပြန်လည်လွတ်မြောက် လာကြောင်း KIO နှင့် နီးစပ်သူများက ပြောသည်။

လွတ်မြောက်လာသည့် KIO အရာရှိ ၁၃ ဦးကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ သွားရောက်ကြိုဆိုခဲ့ကြသည်။

“Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆလန်ကဘာ(KIO အရာရှိ)အဖွဲ့တွေ မြစ်ကြီးနား ဇီးလွန်ထောင်ကနေ လွတ် မြောက် ထွက်လာကြပြီ။ PCG က ဆရာလမိုင်ဂွမ်ဂျာ သွားရောက်ခေါ်ယူခဲ့ပြီ။ မနေ့က ၁၀ နာရီလောက်မှာ ဟုတ်တယ်” ဟု လွတ်မြောက်လာသည့်အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် KIO အရာရှိ ၁၃ ဦးမှာ ဦးနော်ဘန့်၊ ဦးဆွမ်လွတ်တူးရှမ်၊ ဦးမုန်ဒန့်၊ ဦးမုန်ရာ၊ ဦးဘရန့်ခွမ်၊ ဦးနော်လီ၊ ဦးခေါယိန်း၊ ဦးခွန်းအောင်၊ ဦးလအောင်၊ ဦးအောင်ဂမ်၊ ဦးနော်အောန်၊ ဦးဘောမ့်ချမ်းနှင့် ဦးအောင်ပြည့်စုံတို့ ဖြစ်ကြသည်။

၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်ရှိ Happy KTV ဆိုင်တွင် ရှိနေစဉ် ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် အဆိုပါ KIO အရာရှိများကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ခေါ်ဆောင်သွားကာ တစ်လဝန်းကျင် စစ်ကြောရေးလုပ်ခဲ့သည်။ ထို့နောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

အဆိုပါ ထောင်ဒဏ်ကျခံရပြီး ၃ နှစ်ကျော်အကြာတွင် ချမှတ်ထားသည့် ပြစ်ဒဏ်စေ့စပ်သွားသဖြင့် စက်တင်ဘာ ၁၆ ရက်တွင် အားလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။

KIO အရာရှိများသည် မြစ်ကြီးနားမြို့ပေါ်နှင့် အခြားမြို့နယ်များတွင် နှစ်စဉ် ဖမ်းဆီးခံရမှုများရှိနေပြီး လူသိရှင် ကြား ဖမ်းဆီးခံရသူများထဲတွင် တရားဥပဒေအရ အရေးယူခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူများ ရှိသကဲ့သို့ လူသူမသိဘဲ ဖမ်းဆီးခံရသူများမှာမူ နောက်ပိုင်းတွင် မည်သို့ဖြစ်သွားသည်ကို မသိရသည့် အခြေအနေ များ ရှိနေသည်။

“အခုလို ပြန်လွတ်လာတာတွေ အရင်ကလည်း ရှိတော့ရှိတယ်။ အဓိက မြို့ပေါ်တွေမှာ အများပြည်သူသိရှိသွား တဲ့ ဖမ်းဆီးမှု၊ လူသိရှင်ကြား ဖမ်းခံသွားရသူတွေ အများပိုင်းကိုတော့ ပြန်လွတ်တာတွေရှိတယ်။ လူတွေဆီ သိ သွားရင်တော့ သက်ဆိုင်ရာ အက်ဥပဒေနဲ့ အရေးယူပြီး ပြန်လွတ်ပေမယ့် လူသူမသိ ဖမ်းဆီးခံခဲ့ရတဲ့ အရာရှိတွေ တော့ စုံစမ်းနိုင်ဖို့ အစအနတောင်ပျောက်တယ်။ လူသူမသိဘဲ ဖမ်းခံရတဲ့သူတွေကတော့ လွတ်မြောက် လမ်းမရှိ ဘူး” ဟု KIO အရာရှိတစ်ဦးက ပြောသည်။

KIO အရာရှိများအပြင် KIO/KIA နှင့် ဆက်နွယ်သည်ဟု စွပ်စွဲခံရသည့် ဒေသခံပြည်သူများကို စစ်အုပ်စုတပ်က ဖမ်းဆီးရာတွင်လည်း လူသိရှင်ကြား ဖမ်းဆီးခံရသူများ ပြန်လွတ်လာသည်များ ရှိသော်လည်း လူသူမသိဘဲ ဖမ်းဆီးခံရသူများမှာမူ နောက်ပိုင်းတွင် အစအန ပျောက်ဆုံးသွားတတ်သည်။

မြစ်ကြီးနားမြို့ပေါ်တွင် KIO အရာရှိများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များအနက် တပ်ကုန်းရပ်ကွက် Happy KTV တွင် ဖမ်းဆီးခံရမှုသည် လူအများဆုံး ပါဝင်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

မြို့ပေါ်တွင် KIO အရာရှိများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အများစုမှာ သတင်းပေးမှုများကြောင့် ဖြစ်လေ့ရှိပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ရှိနေသည့် သတင်းပေးသူများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု KIO အရာရှိတစ်ဦးက ဆို သည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်း၊ KTV၊ Bar နှင့် အချို့နေရာများတွင် KIO အရာရှိများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များပြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်ကလည်း မြစ်ကြီးနားမြို့၊ စံပြလမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် KIO အရာရှိ ၂ ဦးကို စစ်အုပ်စုတပ်က အိမ်စီးကားဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ကာ ဖမ်းဆီးသွားခဲ့သည်။

ထို့ပြင် မိုးကောင်းမြို့နယ်၊ လဝါးဂိတ်တွင် အထိုင်ချထားသည့် ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်၌လည်း KIO၊ KIA အရာရှိ များနှင့် KIO/KIA နှင့် ဆက်စပ်သည်ဟု ယူဆခံရသူများကို ပုံမှန် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် KIO အစိုးရက လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ဖားကန့် ဒေသတို့၌ ဖွင့်လှစ်ထားသည့် KTV ဆိုင်များကို ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ KTV ဆိုင်များကို ယနေ့ထက်ထိ ပိတ်သိမ်းခိုင်းထားဆဲဖြစ်သည်။

Most read this week

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...