မုံးကိုး ဖောင်းဆိုင်ဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မုံးကိုး ဖောင်းဆိုင်ဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ ဖောင်းဆိုင်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ မနက် ၇ နာရီခန့်ကစ စစ်ကောင်စီ မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေကြောင်း "မုံးကိုးကနေ လက်နက်ကြီးပဲ ပစ်တယ်။ ပစ်လိုက်၊ နားလိုက်ပဲ။ ဖောင်းဆိုင်ဘက်တော့ လက်နက်ကြီးရော၊ လက်နက်သေးရော ကြားနေရတယ်။" လို့ မုံးကိုး ဒေသခံ ၁ ဦးက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၄ နာရီခွဲခန့် (တရုတ်အချိန် မနက် ၆ နာရီခန့်) က စစ်ကောင်စီဘက်က စစ်ကား ၁၀ စီးခန့် အင်အားထပ်ဖြည့်ဖို့ မုံးကိုးဘက်သွားနေပြီလို့ မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြားက ရွာခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ ည ၇ နာရီခန့်ကစပြီး ည ၁၀ နာရီ ခန့် အထိ ဖောင်းဆိုင်ဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်နေကြ‌ကြောင်း "မနေ့ည ကျွန်တော်တို့အိမ်နားက ဘောလုံးကွင်းမှာ ကိုးကန့်တွေ လာပစ်တယ်။ အဲဒီနောက် ဒီမနက်တော့ တင့်ကား စမ်းပစ်တာလားမသိဘူး။ ခုဏထိ ပစ်‌နေတယ်။ ရွာထဲတော့ ဘာမှ မဖြစ်ဘူး။ ‌ရွာအပြင်ဘက်မို့လို့" လို့ ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်ဆိုင်းမြို့အနီးက နမ့်ဘာတက် ရွာနားမှာလည်း ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ ခန့်ကစ ည ၈ နာရီကျော်ထိ မုံးကိုးဘက်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နမ့်ဘာတက် ရွာခံ ၁ ဦးက ပြောပါတယ်။

"အစကတော့ တရုတ်တွေ ဗျောက်ဖောက်တယ်ထင်နေတာ ဘယ်ဟုတ်မလဲ။ နှစ်ဖက်ပစ်တာ မီးလျှံတောင်မြင်ရတယ်။ မိုင်းပေါက်သံတွေလည်းကြားတယ်။ လက်နက်ငယ်ရောပဲ။ လက်နက်ငယ်ကျည်က ရွာဘက်ကျလာတာ တရုတ်အမျိုးသားတစ်ယောက်ရဲ့ ခါးနား ရှပ်ထိသွားတယ်" လို့ သူကပြောပါတယ်။

ဒီလို ထိတွေ့တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်တို့မှာ ဇူလိုင်လဆန်းပိုင်းကစ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေဆဲဖြစ်ပြီး လက်ရှိ စစ်ရှောင်စခန်းတွေမှာလဲ အမိုးအကာတွေ ဆွေးမြေ့ပျက်စီးလာနေကြောင်း စစ်ရှောင်တွေက ပြောပါတယ်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...