ရခိုင်တွင် ကိုယ်ထူကိုယ်ထအောက်စီဂျင်စက်ရုံများမှ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးပေါင်း ၂၇၀၀၀ ကျော်ကို လစဉ်ထုတ်လုပ်လာနိုင်ခြေရှိ

ရခိုင်တွင် ကိုယ်ထူကိုယ်ထအောက်စီဂျင်စက်ရုံများမှ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးပေါင်း ၂၇၀၀၀ ကျော်ကို လစဉ်ထုတ်လုပ်လာနိုင်ခြေရှိ

ရခိုင်ပြည်နယ်အတွင်းတွင် ဒေသခံများ၏အလှူငွေဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် မြို့နယ် (၁၀) ခုရှိ အောက်ဆီဂျင်စက်ရုံများမှာ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးစုစုပေါင်း ၂၇၁၀၀ ကျော် လစဉ် ထုတ်လုပ်နိုင်ခြေရှိနေသည်။

အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး၍ တစ်လလျှင် အောက်ဆီဂျင်အိုးထုတ်လုပ်နိုင်မည့်အရေအတွက်မှာ မာန်အောင်တွင် ၁၂၀၀ ကျော်၊ အမ်းတွင် ၃၀၀၀ ကျော်၊ မင်းပြားတွင် ၁၈၀၀ ကျော်၊ ရသေ့တောင်တွင် ၂၂၅၀ ကျော်၊ မြေပုံ ၁၈၀၀ ကျော်၊ မြောက်ဦးတွင် ၁၂၀၀ ကျော်၊ ဘူးသီးတောင်တွင် ၃၆၀၀ ကျော်၊ ပုဏ္ဏားကျွန်းတွင် ၁၈၀၀ ကျော်၊ စစ်တွေတွင် ၆၉၀၀ ကျော်၊ မောင်တောတွင် ၃၆၀၀ ကျော်စီ ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။

“အမ်းမှာတော့ အောက်ဆီဂျင်စက်ကတော့ ရောက်နေပြီ။ ကျနော်တို့မှာတော့ ဒီမှာမီးပိုင်းဆိုင်ရာလေးတွေ နည်းနည်းလုပ်နေရတာရှိတော့ ဒီတစ်ပတ်အတွင်းမှာ စတင်လှည်ပတ်မဲ့အစီအစဉ်တော့ရှိတယ်" ဟု အမ်းမြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီမှ ဦးသစ်လွင်က DMG သို့ ပြောသည်။

မြောက်ဦးမြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အောက်ဆီဂျင် ပထမဆုံးထုတ်လုပ်နိုင်ခဲ့ပြီး မင်းပြားတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ ရသေ့တောင်တွင် စက်တင်ဘာ ၁၂ ရက်နေ့နှင့် မောင်တောတွင် စက်တင်ဘာလ ၂၁ ရက်နေ့တို့တွင် အောက်ဆီဂျင်များ စတင်ထုတ်လုပ်နိုင်ခဲ့သည်။

“မောင်တောအောက်ဆီဂျင်ဖြစ်မြောက်ဖို့အတွက် မောင်တောမှာရှိတဲ့ ဘာသာပေါင်းစုံတွေက အလှူငွေထည့်ကြတာရှိတယ်။ ရခိုင်၊ ဟိန္ဒူ၊ မူဆလင်တွေပေါ့" ဟု မောင်တောမြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ မာန်အောင်၊ အမ်း၊ မြေပုံ၊ ဘူးသီးတောင်၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းတို့တွင်လည်း ယခုအပတ် သို့မဟုတ် လာမည့်အပတ်အတွင်း အောက်ဆီဂျင်စက်တပ်ဆင်ပြီး စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“စစ်တွေအောက်ဆီဂျင်စက်ရုံကတော့ မပြီးသေးဘူး။ အောက်ဆီဂျင်စက်ကိုတော့ ဆင်နေတုန်းပါ။ ဒီအပတ်မှာတော့ အောက်ဆီဂျင်ထုတ်မဲ့ အစီအစဉ်တွေရှိတယ်။ ကျနော်တို့ပစ္စည်းတစ်မျိုးနှစ်မျိုးက ရန်ကုန်လာမဲ့အရာတွေကို စောင့်နေရပါတယ်။ အဲဒီပစ္စည်းတွေရောက်ရင် စက်ကိုတော့စမ်းပြီးမောင်းမယ်” ဟု စစ်တွေမြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကော်မတီဝင် ဦးတင်အောင်ဦးကပြောသည်။

ကိုဗစ်တတိယလှိုင်းတွင် အောက်ဆီဂျင်လိုအပ်ချက်များကြောင့် ကိုဗစ်လူနာများ အသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အလှူငွေများကောက်ခံကာ မြို့နယ်အသီးသီးတွင် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်က ကျန်မြို့နယ်များတွင်လည်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အလှူငွေများကောက်ခံလျှက်ရှိပြီး စက်ရုံတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၉၁၀ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၇၄ ဦးရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ အောက်တိုဘာ ၅ ရက်နေ့အထိ စာရင်းအရ သိရသည်။

Photo Crd - နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

 
 

 

 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...