တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို မကြာခင် မြန်မာဘက် သယ်ဆောင်ခွင့်ပြုတော့မည်

တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို မကြာခင် မြန်မာဘက် သယ်ဆောင်ခွင့်ပြုတော့မည်

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မှာ အချိန်ကြာပိတ်မိနေတဲ့ မြန်မာကုန်တင်ကားနဲ့ ပစ္စည်းတွေကို မကြာမီရက်ပိုင်းအတွင်း မြန်မာဘက်ကို တင်သွင်းခွင့်ပြုတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားကြရန် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အောက်တိုဘာ ၃ ရက်နေ့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။

“အဲဒါ ဘယ်ရက် ဖြစ်မလဲတော့ တိတိကျကျ မသိသေးဘူး။ အဆင်သင့်လုပ်ထားလို့ရအောင် ပြင်ဆင်သင့်တာ ပြင်ဆင်ထားလို့ရအောင်ဆိုပြီးတော့ စာထွက်ထားတာပါ။” လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ကျယ်ဂေါင်မှာ ကုန်တင်ပြီး ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားများ၊ ဂိုဒေါင်နဲ့ ကုန်ဂိတ်များကို တရုတ်ဘက်က မြန်မာဘက်ကိုတင်သွင်းဖို့ ရက်ပိုင်းအတွင်း ခွင်ပြုတော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ခန့်မှန်းကားအစီးရေ ၇၀၀ စာ သွင်းကုန်ပစ္စည်း‌တွေ မြန်မာဖက်ကို အကုန်သွင်းပေးတော့မှာဖြစ်ပြီး ၁၀ လပိုင်းအကုန် အပြီးသယ်ယူရမည်ဖြစ်ကာ ယာဉ်မောင်းအစားထိုး (ရှန်တိန်) စနစ်နဲ့သာ ကျယ်‌‌ဂေါင်အတွင်းသို့ ဝင်ရောက်တင်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။

ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို မြန်မာဘက်ပေးဝင်တော့မယ်လို့ သတင်းထွက်နေပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီတော့ လက်ရှိအထိ စာမဝင်သေးဘူးလို့ မူဆယ် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။

“ကျယ်ဂေါင်ဘက် ပိတ်မိနေတဲ့ ကုန်ကားတွေနဲ့ ကုန်ပစ္စည်းတွေကို ထုတ်ပေးမယ်တော့ သိရတယ်။ ခုက မန့်ဝိန်းပေါက်ဘက်ကနေ ထုတ်ပေးမယ် ပြောတာပဲ။” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။  

ကုန်တင်သမား၊ ကုန်သည်နဲ့ စီးပွားရေးလုပ်ငန်းရှင်၊ ကားသမားတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့သာ ထုတ်ပြန်ပေးခြင်းဖြစ်ကာ ဖြတ်သန်းခွင့်ရမယ့်ရက်ကိုတော့ နှစ်နိုင်ငံတာဝန်ရှိတွေက ညှိနှိုင်းပြီးမှသာ အတည်ဖြစ်မယ်လို့ သိရပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး မန့်ဝိန်းဂိတ်ကို Covid-19 အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက တရုတ်ဘက်က ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...