ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်

ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်
Photo - ရခိုင်ပြည်ကျောင်းသားသမဂ္ဂ
Photo - ရခိုင်ပြည်ကျောင်းသားသမဂ္ဂ

ထောင်ဒဏ် (၂) နှစ်နှင့်ခြောက်လ ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို အောက်တိုဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က စစ်တွေမြို့တွင် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ကျောင်းသားလေးဦးကို ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုခဲ့ပြီး စစ်တွေမြို့နယ်တရားရုံးမှ ပြစ်ဒဏ်နှစ်ခုချမှတ်ခဲ့ခြင်းမှာ ဥပဒေနှင့်မညီဟုဆိုကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့သည်။

သို့သော် စစ်တွေခရိုင်တရားရုံးမှ ယင်းအမှုကို လက်ခံကြားနာခြင်းမရှိဘဲပလပ်လိုက်သည့်အတွက် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်တက်ရောက်ခြင်းလည်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်မှုတက်ရောက်ပါတယ်။ ၅၀၅ (ခ) ကတော့ အမှုနံပါတ် ၁၈/၂၀၂၁။ နောက်ပြီးတော့ ဘေးစီမံ (၂၉) ကျတော့ ပြင်ဆင်မှုအမှတ် ၁၉/၂၀၂၁ နဲ့ အမှုဖွင့်ထားပါတယ်။ တရားရုံးကအမှုဖွင့်ပြီးတော့ အဲဒီအမှုကို လက်ခံသင့်/မခံသင့်နဲ့ပတ်သက်ပြီး လျှောက်လဲချက် ကြားနာရမှာဖြစ်ပါတယ်” ဟု ဦးကျော်ညွန့်မောင်က ဆိုသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂကဦးဆောင်ပြီး စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့့့်အချက်များကို ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်မှုအတွင်း ကျောင်းသားလေးဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကိုဖမ်းဆီးတရားစွဲဆိုခဲ့ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လစီ စစ်တွေမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်ရပ်တစ်ခုတည်းပေါ်မှာ အမှုနှစ်မှုဖွင့်ပြီးတော့ သီးခြားစီချမှတ်ထားတယ်။ အဲတာက ၁၉၃၇ စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ၂၂ အရဆိုရင် ဥပဒေအရမှားတယ်။ နောက်တစ်ချက်က ဒီလူငယ်တွေဟာ ကျောင်းသားတွေဖြစ်တယ်။ တက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေဖြစ်တယ်။ ၅၀၅ နဲ့ ဘေးစီမံမှာရှိတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုပေးထားတယ်။ ကျောင်းသားတွေက အောက်ရုံးမှာဝန်ခံထားပေမယ့် ပြစ််ဒဏ်တွေများနေတဲ့အတွက် ပြစ်ဒဏ်ကိုလျော့ပေးဖို့ဆိုတဲ့အကြောင်းပြချက်နှစ်ခုနဲ့ (ပြင်ဆင်မှု) တက်ထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် (သို့မဟုတ်) နှစ်ရပ်ထက်ပိုသောဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျုးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍မခံစေရဟု ပြန်ဋ္ဌာန်းထားသည်။

ကျောင်းသားလေးဦး၏အမှုအား ပြည်နယ်တရားလွှတ်တော်သို့ ပြင်အယူခံလျှောက်လဲချက်နှင့်ပတ်သက်ပြီး ကြားနာမည့်နေ့ရက်ကို အတိအကျမသိရှိရသေးပေ။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...