လီဒိုလမ်းမပေါ် အာဏာသိမ်းတပ်ကို KIA ဆက်လက်တိုက်ခိုက်နေ

လီဒိုလမ်းမပေါ် အာဏာသိမ်းတပ်ကို KIA ဆက်လက်တိုက်ခိုက်နေ

တနိုင်း လီဒိုလမ်းမပေါ်  စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးပေးရန် ရောက်နေသောတပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက နေရာ ၂ ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 ရှဒူးဇွပ် အခြေစိုက် ခလရ ၂၉၇ တပ်ရင်းတွင် ရောက်ရှိနေသော စစ်ယာဉ်တန်းများ တနိုင်းဘက်သို့ ဆက်လက်ထွက်ခွာနိုင်ရန် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ကို အောင်ရာနှင့် တိန်ကောက်ကျေးရွာကြား နေရာ ၂ ခုတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တိန်းကောက် (Ting Kawk) ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက် အစောပိုင်းက ကောင်ရာကျေးရွာကြားဘက်မှာ အရင်တိုက်ပွဲဖြစ်တယ်။ နောက်အခုက တိန်းကောက်ဘက်ကို ပြန်ဖြစ်နေတယ်။ သူတို့က လီဒိုလမ်းမတစ်လျှောက်ပေါ်မှာ စစ်သားတွေ လုံခြုံရေးယူဖို့ တက်လာကြထင်တယ်။ အဲ့အဖွဲ့တွေကို KIA က ကြားဖြတ်တိုက်ခိုက်နေတာဟုတ်တယ်။ ပြီးရင် ရှဒူးဇွပ် စစ်တပ်မှာက စစ်ကားတွေအများကြီး ရောက်နေတယ်” ဟု ပြောဆိုသည်။

နံနက် ၈ နာရီဝန်းကျင်ခန့် ကောင်ရာနှင့် နန်ဖျက်ကြားတွင် တစ်ကြိမ်၊ ၁၀ နာရီအချိန် တိန်ကောက်နှင့် ရဝမ်ကုန်းကြားတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ထိခိုက်မှုအခြေအနေ မသိရသေးသော်လည်း KIA က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း သူကဆိုသည်။

လက်ရှိ ရှဒူးဇွပ် စစ်တပ်တွင် စစ်ကောင်စီ ရိက္ခာသယ်ကား ၆၀ စီးခန့်ရောက်နေပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ နဲ့ ၃၀ ရက်နေ့တွင် မိုးကောင်းမြို့ မှ လီဒိုလမ်းမအတိုင်းတက်လာပြီး ဒွမ်ဘန်ကျေးရွာအခြေစိုက်ထား ခလရ ၂၉၈ စခန်းတွင် တစ်ပတ်ခန့် လာရောက် ရပ်နားခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ဒွမ်ဘန်ကျေးရွာမှ ရှဒူးဇွပ်ဘက်ကို ပြန်လည်ထွက်ခွာလာခြင်းဖြစ်သည်။

ထိုသို့ ဒွမ်ဘန်မှ ရှဒူးဇွပ်ဘက်သို့ ပြန်တက်လာခဲ့စဉ် လမ်းကြောင်းတစ်လျှောက် ဝါရာဇွပ်အုပ်စု ဘန်ကောက်ကျေးရွာနှင့် အောင်ရာကျေးရွာကြားတွင် KIA က ၅ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်မှုများရှိခဲ့သည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...