AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် လက္ကာရွာသားများကို လာမည့်ရုံးချိန်းတွင် လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မဖြင့် စွဲချက်တင်သင့်/မတင်သင့် ဆုံးဖြတ်မည်

AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် လက္ကာရွာသားများကို လာမည့်ရုံးချိန်းတွင် လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မဖြင့် စွဲချက်တင်သင့်/မတင်သင့် ဆုံးဖြတ်မည်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့်တရားစွဲခံနေရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၂ ဦး၏အမှုကို လာမည့်ရုံးချိန်းတွင် လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မဖြင့် စွဲချက်တင်သင့်/မတင်သင့် ဆုံးဖြတ်သွားမည်ဟု သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက်တွင် စစ်တွေခရိုင်တရားရုံး ရုံးချိန်း၌ တရားစွဲသည့်အဖွဲ့အစည်းက အမှုအားဆက်သွားချင်ကြောင်း စာတင်လာသည့်အတွက် လာမည့်ရုံးချိန်းတွင် လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မဖြင့် စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်သွားမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ မင်းထီး Law Firm အဖွဲ့မှ အထက်တန်းရှေ့နေ ဦးခိုင်သန့်ဇင်က နိရဥ္စရာအား ပြောသည်။

“တရားစွဲအဖွဲ့အစည်းက ဆက်သွယ်မည်ဆိုတဲ့အတွက် ကျွန်တော်တို့က ဆက်သွားရဖို့သာရှိပါတယ်။ စွဲချက်အမိန့်တစ်ရပ်ကို စွဲချက်တင်သင့်မတင်သင့် လာမဲ့ ၇ ရက်နေ့မှာ အမိန့်တစ်ရပ်ချမှာပါ” ဟု သူကပြောသည်။

ယမန်နေ့ရုံးချိန်းတွင် မိသားစုဝင်များက အမှုမှလွတ်မြောက်မည်ဟု မျှော်လင့်ချက်ဖြင့် ရုံးချိန်းသို့ လာရောက်ခဲ့ကြသော်လည်း အမှုကိုဆက်သွားမည်ဟုသိရသဖြင့် စိတ်မကောင်းဖြစ်၍ ပြန်ခဲ့ရကြောင်း တရားစွဲခံနေရသည့် ဦးခင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သိန်းမရီက ပြောသည်။

“ကျွန်မတို့လက္ကာရွာသားအားလုံးမှာ အပြစ်မရှိပါဘူး။ မိသားစုတွေလည်း ဒုက္ခရောက်လို့ မခံစားနိုင်တော့ပါဘူး။ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့သည် ရာကြီးအမှတ် ၆ဝ/၂ဝ၁၉၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ ၅ဝ(စျ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၅၉/၂ဝ၁၉၊ ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁(က)နှင့် ရာကြီးအမှတ် ၂/ ၂ဝ၂ဝ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ ၅ဝ(စျ)၊ ၅၂(က)၊ ၅၄ တို့ဖြင့် စစ်တွေအကျဉ်းထောင်တွင် တရားစွဲချုပ်နှောင်ခံနေကြရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်း ၃၁ တိုက်ခိုက်ခံရပြီးနောက် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စတင်ဖမ်းဆီးခံရစဉ်က စုစုပေါင်း ၂၇ ဦးဖြစ်သော်လည်း ယင်းအနက် ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နှင့် ဦးမောင်သန်းနုတို့သုံးဦးမှာ စစ်ကြောရေးကာလအတွင်း သေဆုံးသွားခဲ့ရာ ၂၄ ဦးကျန်နေခဲ့သည်။

ကျန်ရှိနေသည့် ၂၄ ဦးအနက် အသက်မပြည့်သူ ကိုစိုးမင်းဦးနှင့် ကိုစိုးမိုးကျော်တို့နှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကလေးသူငယ်အမှုဖြင့် ဆက်လက်အမှုရင်ဆိုင်စေခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် မတ်လအတွင်းက နစကကောင်စီက ကလေးသူငယ်အမှု ၁၇ မှုကို ပြန်လည်ရုပ်သိမ်းပေးရာတွင် အဆိုပါ အသက်မပြည့်သူနှစ်ဦးလည်းပါဝင်ပြီး လွတ်မြောက်လာခဲ့သည်။

လက်ရှိ အမှုရင်ဆိုင်နေရသူ ၂၂ ဦးကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီးထင်လင်းနှင့် မြောက်ဦးမြို့ အမှတ် (၁) လုံခြုံရေးရဲတပ်ဖွဲ့မှ ဒု-ရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...