ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ငပလီမြို့ကို ယနေ့ (ဩဂုတ် ၃ ရက်) နံနက် ၁၀ နာရီခွဲခန့်က စစ်အုပ်စုက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဂျိတ္တောရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ငပလီဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ငပလီဒေသခံ အမျိုးသားတစ်ဦးက “ဒီနေ့မနက်ပိုင်းက ဂျက်အုပ်စုလိုက်လာချတာ။ ဂျိတ္တောရပ်ကွက်ကို ကျ တယ်။ လေယာဉ်ဝဲတုန်းမလို့ အပြင်မထွက်ရဲသေးဘူး” ဟု ပြောသည်။
လက်ရှိအချိန်အထိ အပျက်အစီးနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို အသေးစိတ် မသိရသေးပေ။
အလားတူ ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့ကိုလည်း စစ်အုပ်စု လေတပ်က ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ဗုံးလာရောက် ကြဲချခဲ့သည်။
စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ်က စနဲမြို့ပေါ်ကို ဗုံးလာရောက် ကြဲချခဲ့ခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက်မှု ရှိနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ပြောတယ်။ အသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
သံတွဲမြို့နယ်၊ ရွှေလှေရွာကို ဇူလိုင် ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးနှင့် ပေါင် ၅၀၀ ဗုံးတစ်လုံး၊ စုစုပေါင်း ဗုံး ၃ လုံးကို နှစ်ကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့သော ကြောင့် ဇနီးမောင်နှံနှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။
စစ်အုပ်စုသည် ဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အပါအဝင် ငပလီမြို့နှင့် အနီးတစ်ဝိုက် နေရာအချို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနှင့် ဆရာတော်တစ်ပါး အပါအဝင် အရပ်သားပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းကလည်း သံတွဲမြို့ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ဖူးသည်။
ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်အုပ်စုဘက်မှ အထိနာနေသည့်အတွက် ယခုကဲ့သို့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များကို လေကြောင်းမှတစ်ဆင့် ဗုံးလာရောက်ကြဲချနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်အနီးရှိ အဝတောင်ကျေးရွာ တွင် အခြေစိုက်ထားသည့် စစ်တပ်၏ စစ်ကြောင်းတစ်ခုသည် AA ၏ သတ်ကွင်းအတွင်းသို့ ကျရောက်သွားရာမှ ချေမှုန်းခံခဲ့ရပြီး အနည်းဆုံး စစ်သားလေးဦးခန့် သေဆုံးကာ အလောင်းနှင့် လက်နက်များကို သိမ်းဆည်းရမိခဲ့ ကြောင်း AA နှင့် နီးစပ်သည့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုထားသည်။
အလားတူ ကျောက်ဖြူမြို့နယ်မှ နောက်ထပ် စစ်မျက်နှာပြင်တစ်ခုဖြစ်သော မင်းပြင်နှင့် သိုင်းချောင်းဝန်းကျင် တွင်လည်း အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကြောင်းတစ်ကြောင်းနှင့် AA တို့သည် ဇူလိုင်လ ၂၉ ရက်နေ့က နှစ်ဖက် ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့သေးသည်။
လက်ရှိ ရခိုင်ပြည်တွင် ရာသီဥတု အလွန်ဆိုးရွားနေပြီး မိုးသည်းထန်ကာ ရေကြီးရေလျှံ ဖြစ်ပွားနေသဖြင့် နှစ်ဖက်တပ်များအနေဖြင့် စစ်ဆိုင်ထားသည့် အနေအထားတွင်သာ ရှိနေပြီး ယခင်ကကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း မရှိတော့ကြောင်း ဆိုသည်။
သို့သော်လည်း နှစ်ဖက်တပ်များအနေဖြင့် စစ်ရေးအရ ပြင်ဆင်မှုများ ဆက်လက်ရှိနေပြီး အထူးသဖြင့် စစ်တပ် ဘက်က တပ်အင်အားများကို ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။







