ဆိုင်ကယ်တိုက်၍ လူသေမှု ဖြစ်သော်လည်း တပ်မတော်သားဖြစ်နေ၍ အရေးယူနိုင်ခြင်းမရှိသေး

ဆိုင်ကယ်တိုက်၍ လူသေမှု ဖြစ်သော်လည်း တပ်မတော်သားဖြစ်နေ၍ အရေးယူနိုင်ခြင်းမရှိသေး
by -
နိရဥ္စရာ
မင်းပြားအခြေစိုက် အမှတ် (၃၇၉) တပ်ရင်းမှ တပ်သား တစ်ဦး၏ ဆိုင်ကယ်ဖြင့် တိုက်မိ၍ မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးကျော်စိန်(ခ) ဦးဂျာဘို (၅၇) နှစ် သေဆုံးသွားသည်မှာ ၁၀ ရက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဆိုင်ကယ်တိုက်သူမှာ တပ်မတော်သား ဖြစ်နေသဖြင့် ယနေ့ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးကြောင်း ဆိုင်ကယ် အတိုက်ခံရ၍ သေဆုံးသွားသူ၏ မိသားစုများက ပြောသည်။

ယခုနှစ် မေလ ၃၁ ရက်နေ့ ညနေ ၈နာရီခန့်တွင် ဦးကျော်စိန်(ခ) ဦးဂျာဘို (၅၇) နှစ်သည် မင်ပြားမြို့ ဂမ်မရွာ ရပ်ကွက်၊ စွန်ရဲလမ်းဘေးတွင်စကားပြောနေစဉ် မင်းပြား အခြေစိုက် အမှတ် (၃၇၉) တပ်ရင်းမှ တပ်သား တစ်ဦးဖြစ်သူ အောင်တင်ဝင်းက သူမောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် ၀င်တိုက်သွားခဲ့သည်ဟု ဦးကျော်စိန်၏ သမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်မမြအေးက နိရဥ္စရာသို့ ပြောသည်။

“ ဆိုင်ကယ်မောင်းလာတဲ့ စစ်သား အောင်တင်ဝင်းက အရက် မူးနေတယ်လို့ သိရပါတယ်။ သူက ၀င်တိုက် မိတဲ့နောက် ဆိုင်ကယ်နဲ့ စစ်တပ် တပ်ရင်းထဲကို ၀င်ပြေးသွားတယ်။ ရဲတွေ လိုက်သွားတော့ ၀င်ခွင့်မရဘူး။ ကျွန်မတို့လည်း အဖေကို ဆေးရုံကို ယူပါတယ်။ ဆိုင်ကယ်တိုက်မိကတည်းက အဖေ ဆုံးနေပြီ ထင်ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက အဖေဆုံးသွားပြီလို့ ပြောပါတယ်”ဟု ဒေါ်မမြအေးက ပြောသည်။

ထိုသို့ တိုက်မိပြီး နောက်တစ်နေ့တွင် အမှတ် (၃၇၉) မှ တပ်ရေးဗိုလ်ကြီး တစ်ဦးရောက်ရှိလာပြီး အစစအရာရာ လိုအပ်သည်များကိူ ကူညီပေးမည်ဟု ပြောဆိုသော်လည်း ယနေ့ထိ တစ်စုံတစ်ရာ လာရောက် ပြောဆို ဖြေရှင်းခြင်း မရှိသေးကြောင်း သူမက ပြောကြားသည်။

“ ကျွန်မတို့ အဖေက မေလ ၃၁ ရက်နေ့မှာ ဆုံးပါတယ်။ ကျွန်မတို့ရဲ့ အစ်မကြီး ဒေါ်ဦးခင်အေးက ဖားကန့်မှာရောက်နေတော့ သူမ ရောက်အောင်ထိ စောင့်ပြီး ဇွန်လ ၃ ရက်နေ့မှာ အဖေကို သဂြိင်္ုလ်ပါတယ်။ အခုဆိုရင် အဖေဆုံးတာ ၁၀ ရက်ခန့် ရှိနေပါပြီ။ ပြစ်မှု ကျူးလွန်သူကို ဘာမှ အရေးယူတာလည်း မကြားရသေးဘူး။ ကျွန်မတို့ကတော့ အဖေဆုံးသွားတာကို တရား ဥပဒေအတိုင်းဘဲ ဖြစ်စေချင်ပါတယ်” ဟု ဒေါ်မမြအေးက ပြောသည်။

မမြအေး၏ အစ်မဖြစ်သူ ဒေါ်ဦးခင်အေးသည် မင်းပြားမြို့နယ် ရဲစခန်းသို့ ဇွန်လ ရ ရက်နေ့က သွားရောက်ပြီး သူဖခင်သေဆုံးရသည့် ဖြစ်စဉ်တွင် အဓိက တရားခံကို အရေးယူမှု ရှိ /မရှိကို သွားရောက် မေးမြန်းခဲ့သည်ဟု သိရသည်။

“ ကျွန်မ မင်းပြားမြို့မရဲစခန်းမှာ ဂတ်စာရေး ဦးကျော်ဇံဝေနဲ့ တွေ့ခဲ့ပါတယ်။ သူပြောတာက တပ်က ဖြစ်နေတဲ့ အတွက် သူတို့ အရေးယူလို့ မရဘူး။ တပ်မတော်ရဲ့ စစ်စည်းကမ်း ဥပဒေအတိုင်း အရေး ယူမယ်။ အခု ပြည်နယ်ကို တင်ထားတယ်။ ပြည်နယ်က ဘာမှ အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်” ဟု ဒေါ်ဦးခင်အေးက ပြောကြားသည်။

မင်းပြားမြို့မ ရဲစခန်းမှ ဂတ်စာရေး ဦးကျော်ဇံဝေအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ လူသေမှု ၃၀၄- (က) ဖြင့် အမှုဖွင့်ထားကြောင်း၊ တပ်မတော်သို့ အကြောင်းကြားထားကြောင်း၊ ယခုအချိန်ထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ပြောကြားသည်။

“ အမှုဖွင့်ထားပါတယ်။ အမှုဖွင့်လို့ မရဆိုတာ မဟုတ်ပါဘူး။ လူသေမှု ပုဒ်မ ၃၀၄ - (က)နဲ့ ဖွင့်ထားပါတယ်။ တပ်ကိုလည်း အကြောင်းကြားထားပါတယ်။ ပြည်နယ်ကိုလည်း တင်ပြထားပါတယ်။ အထက်က အကြောင်းပြန်ကြားမှုကို စောင့်နေပါတယ်” ဟု ရဲတပ်ကြပ်ကြီး ဂတ်စာရေး ဦးကျော်ဇံဝေက ပြောကြားသည်။

ဆိုင်ကယ်တိုက်၍ သေဆုံးခဲ့ရသူ ဦးကျော်စိန်၏ မိသားစုများက အဆိုပါ အမှုကို ဥပဒေနှင့် အညီသာ ဖြေရှင်းလိုကြောင်း၊ ငွေကြေးလက်ခံရယူပြီး ကျေအေးလိုသည့် ဆန္ဒမရှိကြောင်း ပြောကြားသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...