မိုးမောက်မြို့အနီး စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

မိုးမောက်မြို့အနီး စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

မိုးမောက်မြို့နယ် လုံဂျာကျေးရွာအုပ်စု ကျောက်စခန်းကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးမောက်အခြေစိုက် နယ်မြေခံတပ်ရင်း ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ကျော်ခန့်က ခြေကျင်ဖြင့် KIA ရှိသည့် လုံဂျာအုပ်စုဘက်သို့ ဝင်ရောက်လာသောကြောင့် KIA တပ်မဟာ ၃ တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု လုံဂျာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့နေရာက လုံဂျာတောင်ခြေမှာဖြစ်တာ ဟုတ်တယ်။ ပုံမှန်ဖြစ်နေရာ ပုံစံပါဘဲ။ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားသွားလာလို့ KIA နဲ့ တွေ့ပြီး KIA က ကြားဖြတ်တိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်တာက ခဏဘဲ မကြာဘူး။ ထိခိုက်မှုက မကြားမိဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ မိုးမောက်မြို့နှင့် ၂ မိုင်ခန့်ဝေးသည့်နေရာတွင် ဖြစ်ပြီး ၂ ဖက်တပ် ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်တပ်က ထိခိုက်မှုရှိနိုင်ကြောင်း သူကဆက်ဆိုသည်။

KIA က ကြားဖြတ်တိုက်ခိုက်သည့် ထိုနေရာတွင် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၁၁ နာရီဝန်းကျင်အထိ အာဏာသိမ်းစစ်တပ်အဖွဲ့က KIA ရှိသည့်ဘက်ကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

လုံဂျာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး “အဲ့ဘက်တိုက်ပွဲဖြစ်တာသေချာပါတယ်။ လက်နက်ကြီးအသံတွေ အကျယ်ကြီးကြားရတယ်။ မနက် ၁၁ နာရီနောက်ပိုင်းမှ အသံတွေပြန်ငြိမ်သွားတယ်။ အခုချိန်အထိပါဘဲ” ဟု မိုးမောက်မြို့ ဒေသခံတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား လတ်တလော ပြင်းထန်သော တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းသွားလာမှုများ ပုံမှန်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မိုးမောက်မြို့တွင်း ဗုံးပေါက်ကွဲခဲ့ရာ စစ်ကြောင်းသွားလာနေသော စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...