၂၀၁၂ အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

၂၀၁၂ အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ
by -
နိရဥ္စရာ
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောမြို့နယ် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း တပည့် ဖြစ်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် သရီကုန်ဘောင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၏ (၅) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို သူသတ်ဖြတ်ခံခဲ့ရသည့် နှစ်ပတ်လည်နေ့ ဇွန်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

“ ဆရာကြီးမောင်ချမ်းသာဟာ အဲဒီတုန်းက သရီကုန်ဘောင်ကျောင်းအုပ်ဆရာကြီးဖြစ်ပါတယ်။ သူတို့ရွာကို ဘင်္ဂလီတွေ တုတ်တွေ၊ ဓါးတွေ လာရောက်တိုက်ခိုက်ပါတယ်။ တိုက်ခိုက်သူတွေအထဲမှာ သူစာပြခဲ့တဲ့ တပည့်တွေ အများကြီး ပါ၀င်နေတာကို တွေ့တော့ သူဟန့်တားရင် ရနိုင်တယ်လို့ ယူဆပြီး ဒီလို မလုပ်ကြ ဖို့ သွားရောက်တားဆီးပါတယ်။

ဘာလက်နက်မှ မပါဘဲ သွားရောက် တောင်းပန်ဟန့်တားတာကို သူတပည့်တွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။ စိတ်ကောင်းစေတနာကောင်း ရှိတဲ့ ဆရာကြီးတစ်ဦး ခုလို သူရဲ့ တပည့်တွေလက်ချက်နဲ့ သေဆုံးခဲ့ရတာဟာ ကျွန်တော်တို့ အတွက် သင်ခန်းစာ ယူစရာတွေ၊ သတိတရား နဲ့ အမှတ်ရစရာတွေ အများကြီး ရှိနေတဲ့ အတွက် အခုလို အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု တာဝန်ကျ ဆရာတစ်ဦးက ပြောသည်။

ဆရာကြီး ဦးမောင်ချမ်းသာ (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို သရီကုန်ဘောင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ/မများက ဦးဆောင်ပြီး ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ဆရာကြီးအား မြုပ်နှံထားသည့် အုတ်ဂူ အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက် (သောကြာနေ့) နေ့လယ် ၁ နာရီမှ ဘင်္ဂလီလူမျိုးများ၏ စတင် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ကျောင်အုပ်ဆရာကြီး မောင်ချမ်းသာ၊ ဒေါက်တာခင်မောင်လတ် အပါအဝင် မောင်တောမြို့နယ် အတွင်း လူပေါင်း ၅၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

မောင်တောမြို့ပေါ်တွင် သဇင်တည်းခိုခန်းအပါအဝင် ဗိုလ်မှူးရွာ၊ ရွာသစ်၊ မောင်တော တောင်ပိုင်း ကျေးရွာ များဖြစ်သည့် သရေကုန်ဘောင်၊ ဗောဓိကုန်း၊ မောရဝတီ၊ ကိုင်းကြီး အစရှိသည့် ကျေးရွာများ မီးရှို့ဖျက်ဆီး တိုက်ခိုက်ခံခဲ့ရသည်။

" ဒီလို ဖြစ်ရပ်တွေဟာ ဘယ်သူ့ကိုမှ အကျိုးမရှိစေတဲ့ အတွက် နောက်နောင်မဖြစ်အောင်နဲ့ အပြစ်မရှိတဲ့ ကိုယ်ပညာသင်ပေးနေတဲ့ ဆရာကိုတောင် ရက်စက်ယုတ်မာစွာ သတ်ဖြတ်တဲ့ ဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်စေလိုတဲ့ ဆန္ဒတွေနဲ့ အခု အခမ်းအနားကို ကျင်းပရတာလဲ ပါ၀င်ပါတယ်” ဟု နောက်ထပ် ဆရာတစ်ဦးက ပြောဆိုသည်။

အခမ်းအနားတွင် ဆရာကြီး ဦးမောင်ချမ်းသာအုတ်ဂူအား လွမ်းသူပန်းခွေများချကာ ကျောင်းသူ ကျောင်းသား များက ရှိခိုးကန်တော့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...