သစ်တောနှင့် ဒီရေတောပြုန်းတီးမှုကိုကာကွယ်ရန် အစားထိုပျိုးပင် သုံးသိန်းကိုးသောင်းကျော်ကို နှစ်စဉ်အစားထိုး စိုက်ပျိုးပေးနေဟုဆို

သစ်တောနှင့် ဒီရေတောပြုန်းတီးမှုကိုကာကွယ်ရန် အစားထိုပျိုးပင် သုံးသိန်းကိုးသောင်းကျော်ကို နှစ်စဉ်အစားထိုး စိုက်ပျိုးပေးနေဟုဆို
Photo - Ko Myo Lwin
Photo - Ko Myo Lwin

ရခိုင်ပြည်နယ်တွင် သစ်တောနှင့် ဒီရေတောပြုန်းတီမှုများကို ကာကွယ်နိုင်ရန်အတွက် အစားထိုးပျိုးပင် ၃၉၀၀၀၀ ကို မြို့နယ်အလိုက် နှစ်စဉ်စိုက်ပျိုးပေးနေကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။

“နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့က ရခိုင်ပြည်ထဲမှာရှိတဲ့ ဒေသတွေမှာ ပျိုးပင်တွေ ၃၉၀၀၀၀ အထိကို ဖြန့်ဖြူးပေးတယ်။ နေရာလွတ်တွေမှာပြန်ပြီးတော့ စိုက်ပျိုးစေတယ်။ နောက်တစ်ခါတော့ သစ်တော၊ သစ်ပင်တွေမရှိလို့ရှိရင် ဘယ်လိုဆိုးကျိုးတွေပေါ်လာမယ်။ အလားတူ ဒီလိုသစ်တော၊ သစ်ပင်တွေခုတ်လိုက်လို့ရှိရင် ဧရာဝတီတိုင်းမှာ နာဂစ်တုန်းက ဘယ်လိုခံစားရတာတွေ။ ဒါတွေကို ရွာတွေမှာစည်းရုံးပြီးတော့ အသိပညာပေးလုပ်ဆောင်တာတွေရှိပါတယ်” ဟု ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဇော်အောင်က DMG သို့ပြောသည်။

ယင်းပျိုးပင်များကို မိုးစတင်ရွာသွန်းသည့် ဇွန်လတွင် စတင်ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး မြို့နယ်အလိုက် ပျိုးပင်စိုက်ပျိုးသည့်အနေအထားမတူညီကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပျိုးထောင်သည့်အပင်များတွင် ပျဉ်းကတိုး၊ ကျွန်း၊ သင်္ကနက်၊ တမာ စသည့်ပျိုးပင်များကို အစားထိုးပြန်လည်စိုက်ပျိုးခြင်း၊ ဥယာဉ်တည်ဆောက်စိုက်ပျိုးခြင်းများရှိကြောင်းလည်း သိရသည်။

ဒီရေပင်များကို ရမ်းဗြဲမြို့နယ်ဖက်တွင် အများဆုံးစိုက်ပျိုးပြီး တခြားဒီရေအတက်အကျရှိသည့် ဒေသများတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ဒီရေတော စိုက်ခင်းတွေကတော့ ရမ်းဗြဲဖက်မှာများတော့ ရမ်းဗြဲဖက်မှာ အများဆုံးပျိုးထောင်တာပေါ့။ ကျန်တဲ့ဟာက ဒီရေအတက်အကျရှိတဲ့ မြို့နယ်တွေရှိတယ်။ ဒီရေတော ထိန်းသိမ်းတဲ့ဖက်မှာလေ ဥပမာ- မြေပုံ၊ မင်းပြား၊ စစ်တွေတို့ ဒီရေအတက်အကျရှိပြီးတော့ စိုက်ပျိုးလို့ရတဲ့မြေနေရာတွေမှာဆိုရင် ကွက်လပ်ဖြည့်စိုက်ပျိုးတာတို့၊ ဖြည့်စွက်စိုက်ပျိုးတာတို့ရှိပါတယ်” ဟု ဦးဇော်ဇော်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းအထိရှိပြီး တချို့ပြည်နယ်များတွင် လျှပ်စစ်မီးမရှိခြင်းကြောင့် သစ်ပင်များကို ထင်းအဖြစ်လည်းကောင်း၊ မီးသွေးထုတ်လုပ်ရန်အတွက်လည်းကောင်း အသုံးပြုနေကြရကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုများလည်းရှိနေသည့်အတွက် ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က ဆိုသည်။

“ကျေးလက်တွေမှာနေတော့ လျှပ်စစ်မီးတွေ ဘာတွေမရဘူး။ ဘာပဲပြောပြော သူတို့ရဲ့လောင်စာအတွက်တော့ တောတွေမှာနေတဲ့အတွက်ကြောင့် ဒါကိုပဲ ချည်ကပ်းနေကြတဲ့သဘောပေါ့နော်။ တချို့ကအခြေခံစားဝတ်နေရေးအတွက် ခုတ်ကြတယ်။ တချို့ကျတော့လည်း ဝိသမလောဘတွေနဲ့လုပ်နေကြတယ်။ ဒါတွေကြောင့် တဖြည်းဖြည်းသစ်တောတွေ လျော့နည်းလာတာပေါ့နော်။ အဲဒါတွေလျော့နည်းလာတာကို ပြန်ပြီးတော့ကာဗာဖြစ်အောင်သစ်တောပြုန်းတီးမှု ပိုမိုကောင်းမွန်အောင်လို့ လုပ်နေတဲ့လုပ်ငန်းတွေရှိပါတယ်" ဟု ၎င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သစ်တောပြုန်းတီးမှုနှင့်ပတ်သက်ပြီး ကျေးလက်နေပြည်သူများကို သစ်တောဦးစီးဌာနအနေဖြင့် အသိပညာပေးများကို လုပ်ဆောင်ပေးနေကြောင်းလည်း ပြောသည်။

ဒီရေပင်များပြုန်းတီးမှုမရှိစေရေးအတွက် ရခိုင်ရှိ အရပ်ဖက်အဖွဲ့အစည်းတချို့အနေဖြင့်လည်း ဒီရေပင်များကိုအစားထိုး စိုက်ပျိုးနေမှုများ ရှိနေသည်။

Photo - Ko Myo Lwin

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...