ဒေါ်လာစျေးမြင့်တက်လာနေမှုကြောင့် နိုင်ငံခြားသွင်းကုန်များနှင့် အခြားကုန်စည်များ စျေးနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာစျေးနှင့်ရွှေစျေးမှာ စံချိန်တင်မြင့်တက်နေပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် တစ်ဒေါ်လာကို မြန်မာငွေ ၁၈၀၀ ခန့်အထိ ပေါက်စျေးရှိနေသည်။
ထိုသို့ ဒေါ်လာစျေးမြင့်တက်လာနေသည့်အတွက် နိုင်ငံခြားမှတင်သွင်းရသည့် ကုန်ပစ္စည်းများဝယ်ယူရာတွင် စျေးနှုန်းအဆမတန်မြင့်တက်လာမှုများကြုံနေရကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံသည် စက်သုံးဆီများကို နိုင်ငံခြားမှ အဓိကတင်သွင်းနေရခြင်းကြောင့် ဒေါ်လာစျေးမြင့်တက်နေ၍ စက်သုံးဆီစျေးများလည်းမြင့်တက်လာနေသည်။
စက်သုံးဆီစျေးမြင့်တက်မှုနှင့်အတူ အခြားစားသောက်ကုန်စည်များမှာလည်း သယ်ယူရေးစရိတ်မြင့်တက်လာနိုင်သောကြောင့် ကုန်စည်များ စျေးမြင့်တက်လာနိုင်ကြောင်း ဆိုကြသည်။
Rakhine UMFCCI ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “စက်သုံးဆီဆိုရင် နိုင်ငံခြားကနေပြီးတင်သွင်းရတဲ့ ပစ္စည်းတွေဖြစ်တယ်။ဒါတွေဟာ တော်တော်လေးစျေးတက်လာတယ်။ တက်လာတယ်ဆိုတော့ သယ်ယူပို့ဆောင်ရေးမှာ စက်သုံးဆီက အဓိကကျတဲ့အတွက် ကျန်တဲ့အသုံးစရိတ်တွေလည်းမြင့်တက်လာပြီး ကျန်တဲ့ဟာတွေမှာလည်း ထိလာမှာပါ။ ဒီတော့စျေးနှုန်းတွေလည်း တက်လာနိုင်ခြေရှိနေတယ်” ဟု ပြောသည်။
ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ စက်သုံးဆီစျေးများ မြင့်တက်လာနေခြင်းကြောင့်လည်း စက်သုံးဆီလုပ်ငန်းရှင်များ အခက်တွေ့နေကြရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်စက်သုံးဆီအသင်း ယာယီဥက္ကဋ္ဌ ဦးသန်းလှိုင်က “ဒီနေ့ရောင်းလိုက်တဲ့ငွေက အမြတ်နဲ့အရင်းနဲ့ပေါင်းတောင် မနက်ဖြန်အတွက် အရင်းပြန်မဖြစ်ပါဘူး” ဟု ဆိုသည်။
ရခိုင်ကကုန်သည်များမှာ ပြည်မကတစ်ဆင့် ကုန်စည်များ ဝယ်ယူနေရခြင်းကြောင့် ပုံမှန်ထက် စျေးနှုန်းမြင့်တက်နေရခြင်းဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။
“နိုင်ငံခြားကသွင်းတဲ့ ပစ္စည်းတွေကို လက်ကားရောင်းချတဲ့သူတွေက ဒေါ်လာစျေးတက်သွားတဲ့အတွက် သူတို့ဝယ်တဲ့ သွင်းကုန်တွေ စျေးတက်သွားတယ်။ ဒီလိုမျိုးတက်သွားရင် ရခိုင်ကလုပ်ငန်းရှင်တွေက သူတို့ဆီကတစ်ဆင့် ဝယ်ရတာ ဒီတော့ နိုင်ငံခြားငွေတက်သွားတာနဲ့ သူတို့ကုန်တွေက စျေးတက်သွားတယ်။ ဒီတော့ သူတို့ဆီကနေ တစ်ဆင့်ဝယ်ရတဲ့ ရခိုင်ကကုန်သည်တွေက စျေးပိုတက်သွားတာပေါ့” ဟု ဦးခင်မောင်ကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ ရွှေစျေးနှုန်းလည်း မြင့်တက်လာနေပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်ကို ၁၈ သိန်းကျော်အထိ ပေါက်စျေးရှိနေသည်။
လက်ရှိရွှေစျေးမှာ စံချိန်တင်မြင့်တက်လာနေခြင်းကြောင့် ရခိုင်က ရွှေစျေးကွက်များမှာ အရောင်းအဝယ်အေးနေပြီး ရွှေပေါင်နှံသူ များပြားလာနေကြောင်း ရွှေဆိုင်ပိုင်ရှင်များကပြောသည်။
ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ်၏ သြဂုတ်လနောက်ဆုံးပတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း ၃၁ ရာခိုင်နှုန်းအထိရှိနေပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး နိုင်ငံများထဲတွင် နံပတ် ၉ နေရာမှာ ရပ်တည်နေကြောင်း သိရသည်။







