နှစ် (၄၀)ပြည့်မြောက် ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းနေ့ ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

နှစ် (၄၀)ပြည့်မြောက် ALP ဥက္ကဋ္ဌ ခိုင်မိုးလင်းနေ့ ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
by -
နိရဥ္စရာ
ဇွန်လ ၄ ရက်နေ့တွင် ကျရောက်သည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) စစ်ဦးစီးချုပ် ခိုင်မိုးလင်းနေ့ အခမ်းအနားကို ကျောက်တော်မြို့ အပါအဝင် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

kmoelinကျောက်တော်မြို့တွင် ပြုလုပ်သော ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနားကို ကျောက်တော် ဓမ္မာဗိမာန်တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ ALP ဗဟိုကော်မတီဝင် ခိုင်ကျော်လိူင်က “ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းဟာ ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ အာဇာသူရီကောင်း ပီသစွာနဲ့ ချင်းပြည်နယ် တစ်နေရာမှာ ကျဆုံးသွားခဲ့တယ်။ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းဟာ ALP ပါတီနဲ့ ALA ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အပြင် တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေး စွန့်လွတ် တိုက်ပွဲဝင်သွားတဲ့ အတွက် ဥက္ကဋ္ဌကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီအခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် ပေါက်လေ (မြောက်) ကျောင်းဆရာတော်၊ ဒုဗိုလ်မှူးကြီး ခိုင်မျိုးချစ်နှင့် ကျောက်တော်မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းအေးတို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသည် လက်ရှိ အချိန်တွင် အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်တို့တွင် အဓိက လူပ်ရှာနေသည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ရသည့် ဖြစ်စဉ် အကျဉ်း ..

ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လူ ၂ ဦး၏ သစ္စာဖောက်မှုကြောင့် မြန်မာ အစိုးရမှ ဥက္ကဋ္ဌကြီးခိုင်မိုးလင်း၊ လက်ရှိ ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ လက်ရှိ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ အပါအဝင် ခေါင်းဆောင် ၉ ဦး အဖမ်းခံခဲ့ရသည်။

၁၉၇၃-၇၄ ခုနှစ်များတွင် ခေါင်းဆောင်များ အသီးသီး ပြန်လည် လွတ်မြောက်လာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU ကော်မူးရာ နယ်မြေတွင် KNU ခေါင်းဆောင်များဖြစ်ကြည့် ဥက္ကဋ္ဌ မန်းဘဇံ၊ ဗိုလ်ချုပ်ကြီး စောဘိုမြတို့နှင့် သဘောတူညီချက်စာချုပ်တခုချုပ်ဆိုနိုင်ခဲ့ပြီး ရခိုင်လွတ်မြောက်ရေး ပါတီ ALP နှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA တို့ကို ပြန်လည် ဖွဲ့စည်း ထူထောင်ခဲ့သည်။

ထိုသို့ ထူထောင်ရာတွင် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းကို ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စစ်ဦးစီးချုပ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း၏ ခေါင်ဆောင်ပီသမှု၊ စစ်ရေးအရ တိုက်ရည် ခိုက်ရည်ရှိမှု၊ ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေးနိုင်ခြင်းတို့ကြောင့် ကရင် နယ်မြေတွင် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ထိ တိုးချဲ့ တည်ဆောက်နိုင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် စစ်ရေးနိုင်ငံရေးအတွေ့အကြံုရရှိပြီး ဖြစ်သော တပ်ဖွဲ့ အင်အား ၁၂၀ တို့အား လက်နက် ခဲယမ်းမီးကျောက် အပြည့်အစုံ တပ်ဆင်ကာ KNU နယ်မြေ ထိုင်း-မြန်မာနယ်စပ်မှ တစ်ဆင့် တိုင်းရင်းသား မဟာမိတ် နယ်မြေများဖြစ်သော ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ကို ဖြတ်ကျော်ပြီး ရခိုင်ပြည်သို့ ခရီးရှည် ချီတက်ခဲ့ရာ ၁၉၇၇ ခုဧပြီလတွင် ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်သို ့ရောက်ရှိလာခဲ့သည်။

ယင်းဒေသတွင် သတင်းအရ အသင့်စောင့်ဆိုင်းနေသော မြန်မာ့ တပ်မတော်မှ တပ်ရင်း ၅ ရင်းနှင့် အိန္ဒိယ ပူးတွဲ တပ်ဖွဲ ့များက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌကြီး ဦးဆောင်သည့် မိုးလင်ရာဇာစစ်ကြောင်းကို အဘက်ဘက်မှ ၀ိုင်းဝန်း ပိတ်ညှပ်ကာ စတင် တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ပွဲကြီးငယ် ၂၉ ပွဲ( အနီးကပ် လှံစွပ်ထိုးပွဲ အပါအဝင်) ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ပြန်လည် ခုခံ တိုက်ပွဲ ၀င်ခဲ့ကြသော်လည်း ဝေးလံသော နယ်မြေများကို ဖြတ်ကျော်လာရသဖြင့် ခရီးပန်းလာမှု၊ လူအင်အားနှင့် လက်နက်အင်အား နည်းပါးမှု၊ ပထဝီ နယ်မြေ မကျွမ်းကျင်မှု၊ ရိက္ခာချို့ တဲ့မှုများကြောင့် နောက်ဆုံးတွင် မြန်မာ တပ်မတော်၏ ချေမှုန်းခြင်းကို ခံခဲ့ရပြီး ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းနှင့် အထွေထွေ အတွင်းရေးမှူး ခိုင်ဘကျော် အပါအဝင် တပ်မှူး တပ်သား ၃၀ ကျော် ကျဆုံးခဲ့ရသည်။

ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းသည် သူ၏ နောက်ဆုံးနေ့တွင် ရန်သူ မြန်မာ စစ်တပ်တွင် လက်နက်ချ အညံ့မခံဘဲ သူကိုင်ဆောင်လာသည့် ပစ္စတိုဖြင့် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်ဟု လွတ်မြောက်လာသော ALP ရဲဘော်များမှ ပြောပြချက် အရ သိရသည်။

ဖမ်းဆီးခံရသူ ၅၄ ဦးရှိပြီး စစ်ကိုင်းတိုင်းကလေးမြို့ အခြေစိုက် တပ်ရင်း ခလရ ၈၉ တပ်ရင်းတွင် ချုပ်နှောင်ထားခဲ့သည်။ သူတို့အား နိုင်ငံတော်ပုန်ကုန်မှု ပုဒ်မ ၁၂၂(၁) အရ စစ်ခုံရုံးဖွဲ ့ကာ စွဲချက်တင် စစ်ဆေးခဲ့ပြီးနောက် လက်ရှိ ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင် အပါအဝင် ၁၁ ဦးအားသေဒဏ် ချမှတ်ခဲ့ပြီး ကျန် ၄၃ ယောက်ကိုမူ တသက်တကျွန်းစီရင်ချက်ချမှတ်ကာ မန္တလေးအကျဉ်းစခန်းတွဲဘက်ထောင် ချုပ်နှောင်ထားခဲ့သည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...