“မြေပုံမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဌာနက ဒုဦးစီးမှူး ဒေါ်ဖြိုးဝေက ကျနော့်ကို အကျိုးအမြတ်ကို ခွဲဝေယူကြဖို့ ဘဲအကောင် ၁၀၀ မွေးခိုင်းပါတယ်။ ၂ လကျော်ကြာမွေးပြီးမှ ညှိနှိုင်းမှု မပြုလုပ်ဘဲ ဘဲတွေကို ပြန်ယူသွားပါတယ်။ ကျနော်က ဘဲမွေးရာမှာ ကုန်ကျစရိတ်တွေကို ပြန်ပေးဖို့ တောင်းတာ အခုထိ ပြန်မပေးသေးပါဘူး”ဟု မြေပုံမြို့ မီးသတ်တပ်ဖွဲ့မှ တပ်သား ဦးထွန်းမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ဘဲမွေးရန်အတွက် ဘဲစာ ဆန်မုန့် တစ်အိတ်ကို ၆၀၀၀ ကျပ်ဖြင့် ၀ယ်ယူပြီး ဘဲစာကျွေးရသည့်အပြင် ဘဲများရေကစားရန် ကန်ငယ်ကိုပါ လုပ်ပေးရပြီး ၂ လကျော် မွေးရာတွင် ငွေ ၄ သိန်းကျော် ကုန်ကျခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်မရှိတဲ့အချိန်မှာ ကျွန်တော့် အမေဆီက ဘဲကို ပြန်ယူသွားတာဖြစ်ပါတယ်။ ဘဲကို ပြန်ယူသွားပြီးမှ သူတို့ဌာနမှာ သွားပြောတော့ အစာဖိုးကို ပြန်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ တစ်ပြားတစ်ချပ်မှ ပြန်မရသေးပါဘူး”ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ ဘဲအကောင် ၁၀၀ အား ၂၀၁၇ ခု ဇန်နဝါရီဆန်း ၂ရက်နေ့က စတင်မွေးခဲ့ပြီး၊ မတ်လဆန်းတွင် ပြန်ယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဘဲများမှာ မွေးမြူရေးနှင့် ကုသရေးဌာနက ကျေးလက်ဖွံ့ဖြိုးရေးအတွက် ကျေးရွာများ၌ ဘဲများကို ဖြန့်ဝေပေးခြင်းဖြစ်ပြီး၊ ပိုနေသော ဘဲများကို ၄င်းအားမွေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်က ဌာနမှာ လက်အောက်ငယ်သားဖြစ်နေပြီးတော့ သူက သူ့ဌာနမှာ အကြီးအကဲဖြစ်နေတော့ ကျနော်ကလည်း မပြောရဲဖြစ်နေပါတယ်။ တရားဥပဒေအတိုင်း သွားမယ်ဆိုရင်လည်း ကိုယ်က တပ်သားအဆင့် ဖြစ်နေတော့ သူက ဒုဦးစီးဆိုတော့ ကျနော့်အနေနဲ့ မဖြေရှင်းရဲ ဖြစ်နေပါတယ်”ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပါသက်၍ မွေး/ကု ဌာနမှ ဦးစီးမှူးကိုလည်း တင်ပြခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်ထိ ဂရုတစိုက် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ မိမိဌာနမှ အကြီးအကဲများကိုလည်း အကြောင်း ကြားထားကြောင်း၊ ဌာနအကြီးအကဲက ကြားကညှိပေးမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်တိ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ဆိုသည်။
“အခုလိုမျိုး ဒီမိုကရေစီအသွင်ဆောင်နေတဲ့ နိုင်ငံတစ်ခုမှာ ကြီးနိုင်ငယ်ညှင်း မဖြစ်သင့်ဘူး။ အခုပုံစံမျိုးက အပေါ်မှ အောက်က ၀န်ထမ်းကို အနိုင်ကျင့်တဲ့ပုံစံမျိုး၊ လက်အောက်ငယ်သားကို ဘာမှ ထည့်တွက်စရာ မလိုဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်”ဟု ဦးထွန်းမြင့်က ထပ်လောင်းပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့နယ် မွေး/ကု ဌာနမှ ဒုဦးစီးမှူးကို နိရဥ္စရာသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ သူမက “ရှင်ပြောနေတာကို ကျွန်မဘာမှ နားမလည်ဘူး”ဟု သာပြန်ပြောခဲ့သည်။
နိရဥ္စရာ သတင်းဌာနမှ ရခိုင်ဘာသာဖြင့် မေးမြန်းခြင်းကို နားမလည်ခြင်းဖြစ်နိုင်သည်ဟု ယူဆသဖြင့် မြန်မာဘာသာဖြင့် ထပ်မံမေးမြန်းရာတွင်လည်း အထက်မှ ဖြေဆိုသည့်အတိုင်း ဖြေဆိုပြီး ဖုန်းချသွားသည်။
၎င်း ဒုဦးစီးမှူး ဒေါ်ဖြိုးဝေက စကားနားမလည်ဟုဆိုကာ ဖုန်းချသွားခဲ့သဖြင့် မွေး/ကုမှ မီးသတ်တပ်ဖွဲ့မှ တပ်သား ဦးထွန်းမြင့်ကို ဘဲမွေးခိုင်းသည်၊ မခိုင်းသည်ကို မိမိတို့အနေဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။







