စစ်ကောင်စီနှင့် ညှိနှိုင်းရေးကိစ္စ KBC အစည်းအဝေးအဆင့်ဆင့် ကျင်းပ

စစ်ကောင်စီနှင့် ညှိနှိုင်းရေးကိစ္စ KBC အစည်းအဝေးအဆင့်ဆင့် ကျင်းပ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အတွင်းရေးမှူးကို ဖမ်းဆီးဖို့ ထုတ်ပြန်ထားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ညှိနှိုင်းရမည့် ကိစ္စ KBC အတွင်း သဘောထားရယူမည့် အစည်းအဝေးအဆင့်ဆင့်ကို လုပ်ဆောင်နေသည်ဟု KBC က ပြောသည်။

KBC အဖွဲ့ချုပ်အတွင်း ကိုယ်စားလှယ်များအားလုံးပါဝင်သည့် အုပ်ချုပ်စီမံအစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်သွားမည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က ယခုကဲ့သို့ ပြောသည်။

“အခုတရားစွဲဆိုထားတဲ့ တပ်မတော်နဲ့ ညှိနှိုင်းဖို့က အလုပ်အမှုဆောင်အစည်းအဝေးနဲ့ပဲ ကျနော်တို့ ဆုံးဖြတ်လို့မရတော့ဘူး။ မရဘူးဆိုတော့ ကျနော်တို့က အုပ်ချုုပ်စီမံ အရေးပေါ်အစည်းအဝေးခေါ်ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ ညှိနှိုင်းဖို့လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ဒီညှိနှိုင်းဖို့ဆိုတာက ကျနော်တို့အတွက် အောက်အဆင့်လောက်နဲ့ပဲ ဆုံးဖြတ်လို့မရဘူးဆိုတော့ ကိုယ်စားလှယ်များအားလုံးပါဝင်တဲ့ အုပ်ချုပ်စီမံ အဲ့ဒီအဆင့်နဲ့ ဆုံးဖြတ်ပြီးမှ အဲ့ဒီဘုတ်အဖွဲ့က ညှိနှိုင်းပြီးမှ ပြီးသွားအောင်လုပ်ဖို့ ညွန်ကြားမယ်ဆိုရင်လည်း ကျနော်တို့က လုပ်သွားမယ်။ သို့မဟုတ်ရင် တစ်ခုခု ဘာဆက်လုပ်ရမယ်ဆိုတာတော့ အဲ့ဒီဘုတ်အစည်းအဝေးကို ခေါ်ပြီးမှပဲ အဖြေတော့ထွက်မယ်ထင်တယ်။ အဲ့ဒီအချိန်မှပဲ ကျနော်တို့ အဖြူအမည်း သိရမယ်ထင်တယ်။”

KBC ၏ အသင်းတော်များကို ဆုတောင်းရန် ဖြန့်ဝေထားသည့်စာထဲတွင် “စစ်အာဏာရှင်” ဆိုသည့် အသုံးအနှုန်းပါခဲ့သည့်အပေါ် စစ်ဆေးဖို့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းအချိန်က KBC ရုံးကို ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

KBC အသင်းချုပ်၏ ဆုတောင်းခံချက်စာကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် တူးမိုင်၏လက်မှတ်နှင့် အသင်းတော်များကို ဖြန့်ဝေထားခြင်းဖြစ်သည့်အတွက် ၎င်းကိုတွေ့ဆုံစစ်ဆေးမေးမြန်းရန် KBC အဖွဲ့ချုပ်ရုံးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု KBC တာဝန်ရှိသူက ပြောသည်။

KBC အတွင်းရေးမှူး ဆရာတော်တူးမိုင်ကို စစ်ကောင်စီတပ်က ၅၀၅ (က) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

ထိုကိစ္စနှင့်ပတ်သက်၍ “အဲ့ဒါလည်း ပြောတော့ပြောတာပဲ။ ကျနော်တို့ ဒီတိတိကျကျတော့ စာတွေ လက်ခံရရှိတာလည်း မရှိပါဘူး။ ဟိုနေ့က ရဲစခန်းကလည်း လာမေးသွားတာပဲရှိတယ်။ တရားစွဲဆိုဖို့ကိစ္စတွေ ဘာတွေကတော့ မပြောပြဘူးပေါ့။ ကျနော်တို့ ကချင်နှစ်ခြင်းရဲ့ ခေါင်းဆောင်တစ်ဦးကို အဲ့လို အလွယ်တကူ လူမသိပဲနဲ့ တိတ်တဆိတ်တော့ လာဖမ်းမယ်မထင်ပါဘူး။” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

အစပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ KBC အနေဖြင့် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ၊ PCG က တာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ပြန်လည်ဆွေးနွေးမှုများ လုပ်ဆောင်ရန်စီစဉ်နေရာမှ စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှရမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် အခက်အခဲများ ရှိနေရခြင်းဖြစ်သည်ဟု KBC နှင့် နီးစပ်သူများက ဆိုကြသည်။

ဩဂုတ်လ ၇ ရက်နေ့က အသင်းတော်များကို ဖြန့်ဝေခဲ့သည့် KBC ၏ ဆုတောင်းခံချက်စာထဲတွင် အချက် ၈ ချက်ပါဝင်ပြီး အဓိကအားဖြင့် ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေသူများ၊ စစ်ရှောင်များ၊ နိုင်ငံ့ခေါင်းဆောင်များအတွက် ဆုတောင်းကြရန်၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ကြုံနေရသည့် အခက်အခဲများ၊ အာဏာရှင်များကျဆုံးရေးနှင့် စစ်မှန်ပြီး တရားမျှသည့် နိုင်ငံဖြစ်လာရန် ဆုတောင်းကြဖို့ဆိုသည့်အချက်များ ပါဝင်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...