ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားရွာအနီးရှိ ညောင်တုန်းချောင်းဖျားတာ (ဂန်ချောင်းထုံးဝတာ) သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း ပေ ၄၀ ခန့် ထပ်မံ အိကျသွားခဲ့သည်။
ညောင်တုန်းချောင်းဖျားတာ၊ တာမိုင် ၁၁/၆ တွင် တာဘောင် အလျား ပေ ၄၀ ခန့်၊ အောက်သို့ ၁ ပေခွဲခန့် ထပ်မံ အိကျသွားခြင်း ဖြစ်သည်။ အခြားသော နေရာများတွင်လည်း တာဘောင် ပြိုကျမှုနှင့် အောက်သို့ အိကျမှုများ အနည်းငယ်စီ ရှိနေကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးက “မြေပြိုတာတော့ ဒီနေ့လည်း ပြိုတာပဲ။ ပေ ၄၀ လောက် ထပ်ပြိုတယ်” ဟု ပြော သည်။
အဆိုပါ ညောင်တုန်းချောင်းဖျားတာတွင် ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်အတွင်းမှစ၍ ရေဝဲတိုက်စားမှုနှင့် ရေစိမ့်ဝင်မှုများကြောင့် ကမ်းပါး ပြိုကျမှုများ စတင်ဖြစ်ပွားခဲ့ရာ လက်ရှိတွင် တာဘောင် သုံးပုံနှစ်ပုံခန့် ပြိုကျ ပျက်စီးထားသည်။
ဒေသတွင်း အခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံများက ပင်မတာ၏ အနောက်ဘက်တွင် အရန်တာ ဆောက်လုပ် ခြင်း၊ ပြိုကျပျက်စီးသွားသည့် နေရာများကို ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်နေသော်လည်း တာဘောင် မြေသား အက်ကွဲမှုနှင့် ပြိုကျမှုများ နေ့စဉ်ဖြစ်ပွားနေသဖြင့် တာဘောင်တစ်ခုလုံး ပြိုကျကာ ရေကြီးရေလျှံ မည် ကို စိုးရိမ်ခဲ့ကြသည်။
သို့သော် ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့နယ်၌ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၇ လက်မခန့်တွင် ရှိနေပြီး ယခင်နေ့ထက် ရေပြန်ကျလာသဖြင့် စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။
သတင်းရင်းမြစ်က “အရင်ပြိုတဲ့နေရာကပဲ ထပ်ပြိုတာပါ။ ရေကတော့ တဖြည်းဖြည်း ကျနေပြီနော်။ ရှေ့ လျှောက် ရေပြန်ကျတော့မှာပါ။ စိတ်ပူစရာတော့ မရှိတော့ပါဘူး” ဟု ပြောသည်။
ထို့ပြင် ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့သည့် လေးမျက်နှာမြို့နယ်မှ ငဝန်တာဘောင် ကျိုးကျမှု ကြောင့် ရွှေ့ပြောင်းထားရသည့် ရေဘေးသင့်ပြည်သူများအတွက်လည်း အကူအညီများစွာ လိုအပ်လျက်ရှိသည်။







