ကုန်တင်ယာဉ်များ အစုလိုက် ဖမ်းဆီးခံရပြီးနောက် ဘုရားသုံးဆူ၌ ထိုင်းကုန်ပစ္စည်းများ သောင်တင်

ကုန်တင်ယာဉ်များ အစုလိုက် ဖမ်းဆီးခံရပြီးနောက် ဘုရားသုံးဆူ၌ ထိုင်းကုန်ပစ္စည်းများ သောင်တင်

မွန်ပြည်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့် ကုန်တင်ယာဉ်များ အစုလိုက် ဖမ်းဆီးခံရပြီးနောက် ကုန်ပစ္စည်း စီးဆင်းမှု မရှိသလောက် နည်းပါးသွားပြီး ဘုရားသုံးဆူမြို့တွင် ထိုင်းကုန်စည်များ သောင်တင်နေကြောင်း မြို့ခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် အစီး ၆၀ နီးပါးကို စက်တင်ဘာလ ၅ ရက် နေ့တွင် စစ်အုပ်စုတပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က မော်လမြိုင်နှင့် ကျိုက်မရော လမ်းပိုင်း၌ ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်းနှင့် ကုန်သည်အချို့မှာ အမှုဖွင့် တရားစွဲဆိုခံထားရသည်။

ထိုသို့ အစုလိုက် ဖမ်းဆီးမှု ဖြစ်ပွားသည့်နေ့မှစ၍ ကုန်တင်ယာဉ်အချို့မှာ ဘုရားသုံးဆူမြို့သို့ လှည့်ပြန်ခဲ့ကြသကဲ့ သို့ ကုန်စည် စီးဆင်းမှုများ ရပ်တန့်သွားသဖြင့် ထိုင်းထုတ်ကုန်ပစ္စည်း အမျိုးအစားစုံ ဘုရားသုံးဆူမြို့၌ သောင် တင်နေခြင်း ဖြစ်သည်။

ဘုရားသုံးဆူ-မော်လမြိုင် ယာဉ်မောင်းတစ်ဦးက “ကျနော်တို့က ဘုရားသုံးဆူ ပြန်ရောက်နေပြီး။ လမ်းမှာ ပစ္စည်းတွေ ချခဲ့တယ်။ ရွာကအိမ်တွေမှာ အကူအညီတောင်းပြီးတော့နော် ချခဲ့တယ်။ တချို့ကုန်သည်မှာဆို မှာထားတဲ့ပစ္စည်းတွေ ပြန် cancel လိုက်ရတယ်။ တချို့က သုံးဆူမှာပဲ ပြန်ချထားရတာ” ဟု ပြောသည်။

ထို့ကြောင့် အငှားမောင်းနှင်သည့် ကုန်တင်ယာဉ်များမှာ လမ်းတစ်ဝက်တွင် ကုန်ပစ္စည်းများ ပျောက်ဆုံး ပျက်စီး မည်ကို စိုးရိမ်၍ ကုန်ပစ္စည်းများနှင့်အတူ ရက်ရှည်ကြာ စောင့်ဆိုင်းနေရသဖြင့် ဆုံးရှုံးမှုများပြားလျက်ရှိသည်။

အဆိုပါ ဖမ်းဆီးမှုများ ဖြစ်ပွားပြီးနောက် စံပယ်ဂူ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ကို စစ်အုပ်စုက တစ်ပတ်ခန့် ကန့်သတ် ပိတ်ပင်ထားခဲ့သည်။

လက်ရှိတွင် ၆ ဘီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ်ကြီးများ သွားလာမှု မရှိသလောက် နည်းပါးသွားသော်လည်း ယာဉ်  ငယ်များဖြင့် မုဒုံ-အဘစ် လမ်းကြောင်းတစ်လျှောက် ခရီးသည်များနှင့် ကုန်ပစ္စည်း အနည်းငယ်ကိုသာ တင်ဆောင် ပြေးဆွဲနေရသည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦးက “သူတို့ ခဏနားထားကြတယ်လို့ ပြောကြတယ်။ ၁၀ ဘီးတို့ ၆ ဘီးတို့က နားထားကြတယ်။ ကားအသေးတွေပဲ မုဒုံ−အဘစ်လမ်းဘက်ကို ကုန်တင်နေတာတွေ့တယ်။ ဟိုမှာ ရောက်လားမရောက်လားတော့ မသိဘူး” ဟု ပြောသည်။

ဘုရားသုံးဆူမှ ထိုင်းကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များသည် ကြာအင်းဆိပ်ကြီး-မုဒုံ လမ်းပိုင်းကို အဓိ က အသုံးပြုကြသော်လည်း မိုးရာသီ ရေကြီးရေလျှံသည့် ကာလအတွင်း စံပယ်ဂူ လမ်းပိုင်းကို ပြောင်းလဲ အသုံး ပြုနေရခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုက မြန်မာနိုင်ငံ အနှံ့အပြားတွင် ထိုင်းကုန်စည်များကို ဆက်တိုက် ဖမ်းဆီးလျက်ရှိ ရာ မွန်ပြည်တွင် အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အိမ်ဆောက် ပစ္စည်းများကို ထိုင်းနိုင်ငံမှ အဓိက တင်သွင်းနေရသဖြင့် ယခုကဲ့သို့ ဖမ်းဆီးမှုများကြောင့် ကုန်ဈေးနှုန်း ရုတ်တရက် မြင့်တက်လာပြီး ကုန် ပစ္စည်းများ ပြတ်လပ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...