ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ ယာဉ်ထိန်းရုံးတို့အနီးတွင် မော်တော် ယာဉ် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြို့နယ် စစ်အုပ်စုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုက ဖြတ်သန်းသွားလာခွင့် စစ်ဆေးကန့်သတ်ထားသည့် ဌာနဆိုင်ရာ နေရာများအနီး ရပ်ထားသော မော် တော်ယာဉ် ၂ စီးမှာ စက်တင် ဘာလ ၁၃ ရက် နံနက် ၁ နာရီဝန်းကျင်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ၂ စီးလုံး အစအနမကျန် ပျက်စီးသွားသည့်အပြင် ဌာနဆိုင်ရာ အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ရသည်။
မျက်မြင်တွေ့ရှိသူ မြဝတီမြို့ခံတစ်ဦးက "တစ်စီးက ရေပူ၊ တံတား(၂)လမ်းဆုံက ယာဉ်ထိန်းရုံးနားမှာပေါက်တာ၊ ယာဉ်ထိန်းရုံးပါမီးလောင်သွားတယ်။ နောက်တစ်စီးက ရဲစခန်း အနောက်ဘက် ပြန်/ဆက်ရုံး နဲ့ စာတိုက်ရုံး လမ်းဘေးနားမှာ ပေါက်တာ။ တမြို့လုံးကြားရတယ် မီးတွေပါထလောင်နေတာ။ ဘာကားအမျိုးအစားမှန်း တောင် မသိတော့ဘူး စုတ်ပြတ်သွားတာပဲ" ဟု ပြောသည်။
ထို့နောက် စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုက ပေါက်ကွဲမှု ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဂတ်စ်အိုးနှင့် တွဲထောင်၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။
အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက “ညကဗုံးက ပေါက်ကွဲအားပြင်းတယ်၊ ဗုံး ဒါမှမဟုတ် မိုင်းနဲ့ ဂတ်စ်အိုးတွေတွဲထောင်သွားတာမျိုးလို့ စစ်တပ်က စစ်ဆေးပြီးသုံးသပ်တာမျိုးရှိတယ်” ဟု ပြောသည်။
ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာများသည် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ကာလအတွင်း မိုင်းနှင့် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားဖူးသည့် နေရာများဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုသည် ပေါက်ကွဲအား ပြင်းထန်သဖြင့် မြဝတီမြို့တွင်သာမက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက် အထိ အသံကျယ်လောင်စွာ ကြားရပြီး ဒေသခံများ ထိတ်လန့်ခဲ့ကြရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း မြဝတီမြို့၊ အမှတ် (၁) တံတားအနီးနှင့် အမှတ် (၂) ရပ်ကွက်တို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ် ၃ စီး မီးလောင်ပျက်စီးပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ဖူး သည်။







