မဒိန်ကျေးရွာမှ ဖမ်းဆီးခံလူငယ် ၃ ဦးကို မပခသို့ပို့

မဒိန်ကျေးရွာမှ ဖမ်းဆီးခံလူငယ် ၃ ဦးကို မပခသို့ပို့

ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ ဖမ်းဆီးထားသော မဒိန်ကျေးရွာမှ လူငယ် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

ဩဂုတ် ၂၈ ရက်နေ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး လွှတ်မြောက်ရေးအတွက် ဝိုင်းမော်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် မိသားစုဝင်များ လုပ်ဆောင်နေသော်လည်း ဩဂုတ်လ ၃၁ ရက်နေ့တွင် မြောက်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်းကို သိရသည်ဟု ဖမ်းဆီးခံရသော မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သား ၃ ယောက်ပြန်လွှတ်လာဖို့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ အကူအညီတောင်းပြီး ကြိုးစားနေတယ်ပေါ့လေ။ ဒါပေမယ့် မနေ့ညက အုပ်ချုပ်ရေးမှူးဖုန်းဆက်လာတယ်။ မြစ်ကြီးနားတိုင်းကို ပို့လိုက်ပြီလို့ပြောလာတယ်။ ဒီ ခလရ ၅၈ တပ်ရင်းမှာသာဆက်ထားရင် အရမ်းနှိပ်စက်ကြတယ်။ ဒါကြောင့်မို့လို့ တိုင်းကိုဘဲပို့လိုက်တယ်လို့ ပြောလာတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက်နေ့က ခလရ ၅၈ တပ်ရင်းမှ ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေစဉ် လူငယ် ၃ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကာ ခလရ ၅၈ တပ်ရင်းအတွင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုလူငယ် ၃ ဦးမှာ အသက် ၂၉ နှစ်အရွယ် ရှီကျန့်ဘောမ်ဇုန်း၊ အသက် ၂၀ ကျော်ဝန်းကျင်ရှိကြသော ယောခေါနှင့် ဇုန်းဆောလ် ညီအစ်ကိုယ်အရင်းတို့ ဖြစ်ကြသည်။

၎င်းတို့ကို စစ်တပ်က KIA ဟု ထင်မှတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း ထိုသူများမှာ ပတ်သက်ခြင်းမရှိသောကြောင့် အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ထိုသို့ ဩဂုတ်လ ၂၈ ရက်နေ့ တစ်ရက်တည်းအတွင်း ခလရ (၅၈) တပ်ရင်းမှ ပြည်သူများရှိသည့်ဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးဖမ်းဆီးခံရသည့်အပြင် မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုံးဆိုသူလည်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ဝိုင်းမော် ခလရ (၅၈) တပ်ရင်းကို ဇူလိုင်လ ၂၉ ရက်ညက ကချင်လွတ်လပ်ရေးမတော် KIA ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပုံမှန်ပစ်ခတ်မှုများ ပြုလုပ်လျှက်ရှိနေသည်။

ထိုသို့ ခလရ (၅၈) တပ်ရင်းမှ ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးသွားပြီး ကျေးရွာတစ်ချို့မှာ စစ်ရှောင်အဖြစ် ဝိုင်းမော်မြို့တွင်းထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...