တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ် (ခွဲ) တခက်ကျေးရွာတွင် ကျွဲများ အမြုပ်ထွက်ကာ နေ့စဉ်ပုံမှန် သေဆုံးနေကြောင်း သိရသည်။
ဩဂုတ်လ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှစပြီး အကြာင်းအရင်းသေချာမသိရဘဲ ကျွဲများ စတင်သေဆုံးနေပြီး ၆ ရက်အတွင်း နွား ၈ ကောင် သေဆုံးသွားပြီဟု တခက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“အခုဆို တစ်ပတ်တောင်မပြည့်သေးဘူး ၈ ကောင်ရှိသွားပြီ။ ပထမဆုံးသေတဲ့ ကျွဲပိုင်ရှင်က သူများတစ်ခုခုလုပ်လို့ သေသွားတယ်လို့ဘဲထင်နေတာပေါ့။ အခုက ရောဂါတစ်ခုလိုဖြစ်နေပြီပေါ့။ တစ်ခြားရပ်ကွက်ကကျွှဲတွေလည်း အဲ့လိုပြန်သေလာတယ်။ ဘာရောဂါမှန်းလည်းမသိဘူး။ အဲ့ကြောင့် ကျေရွာပြည်သူတွေက စိုးရိမ်နေကြပြီ” ဟု ပြောဆိုသည်။
တခက်ကျေးရွာသည် ကျွဲတိရစ္ဆာများကို အမှီအခိုပြုကာ လုပ်ကိုင်စားသောက်နေသော ဒေသခံတစ်ခုဖြစ်သည့်အတွက် အကြောင်းမဲ့ သေဆုံးနေသည့်အပေါ် စိတ်မကောင်းကြောင်း သူက ဆက်ဆိုသည်။
အဆိုပါသေဆုံးမှုမှာ ကပ်ရောဂါတစ်ခုဖြစ်နိုင်ပြီး ကျွဲ၏လျှာပေါ်တွင် အနာဖြစ်ကာ အမြှုပ်ထွက်ပြီး သေဆုံးသည့်ပုံစံ မြင်တွေ့ရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။
ပြီးခဲ့သောအပတ် ဗုဒ္ဓဟူးနေ့တွင် တစ်ကောင်၊ သောကြာနေ့ ၂ ကောင်၊ စနေနေ့ ၃ ကောင်နှင့် တနင်္ဂနွေနေ့ ၂ ကောင် ဆက်တိုက် ၈ ကောင်အထိ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျေးရွာပြည်သူများအနေနှင့် ကျွဲများ မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို လာရောက်စစ်ဆေးဖို့ရန်အတွက် ရှိန်ဗွေယန်အုပ်ချုပ်ရေးမှူးအဖွဲ့ထံသို့ အကူညီတောင်းခံထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။







