တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံ ဆက်လက်တိမ်းရှောင်နေ

တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံ ဆက်လက်တိမ်းရှောင်နေ

ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်အချို့တွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၇ ရက် ယနေ့နံနက် ၅ နာရီခန့်မှစတင်ပြီး စစ်ကောင်စီအင်အား ၃၀ ခန့် ကျေးရွာအတွင်းဝင်ရောက်နေသောကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း တန်ဂျာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက် ၅ နာရီလောက်ကနေဖြစ်မယ်။ စစ်သားတွေရွာထဲမှာ ဝင်နေတာ။ နေအိမ် ၃ အိမ်လောက်မှာ အပြည့်ရှိနေကြတယ်။ ကျနော်ထင်တယ် တပ်စုတစ်စုထင်တယ်။ အခုသူတို့ ကအပြန်အလှန် စောင့်ကြည့်နေတဲ့ သဘောမှာရှိတယ်။ ပြီးရင် ရွာအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ကလည်း စစ်ကူစောင့်နေတဲ့သဘောရှိနေတယ်။” ဟု ပြောဆိုသည်။

ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် တန်ဂျာကျေးရွာအထက်ပိုင်း မုန်ညက်ခ (Mung Nyak Hka) အနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေရာတွင် နာရီဝက်ခန့်အကြာ လက်နက်ကြီးများဖြင့် အပြန်လှန်တိုက်ခိုက်ခဲ့ကြပြီးနောက် အာဏာသိမ်းတပ်ဘက် အနည်းဆုံး ၁၅ ဦးခန့် သေဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။

တန်ဂျာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများသည် ၅ မိုင်ခန့်ဝေးသော လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းတို့မှာ ခရစ်ယာန်ဘာသာရေးကျောင်းများတွင် တိမ်းရှောင်နေကြောင်း သိရသည်။

လုံရှာယန်ကျေးရွာသို့ ထွက်ပြေးလာသည့် တန်ဂျာဒေသခံ ၄၀၀ ကျော်သည် ကျေးရွာအတွင်း လက်ရှိ စစ်ရေးအခြေအနေကြောင့် အိမ်ပြန်ရန် အဆင်မပြေသေးကြောင်း KNG ကို ပြောသည်။

“နေရပ်ပြန်ဖို့က မသေချာသေးဘူး။ ဘယ်လောက်ထိနေရမှာလဲမသိဘူး။ အခုက များသောအားဖြင့် ဆွေမျိုးအိမ်မှာနေကြတယ်။ ဒါပေမယ့် ဒီလိုဘဲ နေဖို့အချိန်ကြာလာတော့ စစ်ရှောင်အဖြစ်နဲ့ နေဖို့များနေတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသော လုံရှာယန်ကျေးရွာအုပ်စုဘက်တွင် စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြား တိုးချဲ့ပို့ဆောင်နေကြောင်း သိရသည်။

ထို့အပြင် တန်ဂျာကျေးရွာတွင်လည်း ယနေ့နံနက် ၁၀ နာရီတွင် MPT ဆက်သွယ်ရေးဖုန်းလိုင်းကို ဖြတ်တောက်ထားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော ဇွန်လ တန်ဂျာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သဖြင့် တန်ဂျာကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ယူကာ ‘နောက်တစ်ကြိမ်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားလျှင် ရွာကိုမီးရှို့ပစ်မည်’ ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...