ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့အနီးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား ဩဂုတ် ၂၆ ရက်ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မုံးကိုးမှာ ဒီညနေ (ဩဂုတ် ၂၆ ရက်) ၆ နာရီ ၁၀ မိနစ်ခန့်ကစ စစ်ကောင်စီနဲ့ ကိုးကန့်တို့ မိနစ် ၃၀ လောက် ပြောင်းဖူးဖောက်စားနေကြတယ်။” လို့ ဒေသခံတစ်ဦးက တိုက်ပွဲပြင်းထန်နေကြောင်း ပြောပါတယ်။
မုံးကိုးမြို့မှာနေထိုင်တဲ့ ဒေသခံလူငယ်တစ်ဦးကလည်း “မြို့ဘက်ကလူတွေတော့ ဘာမှမဖြစ်ဘူး။ မန်ဂျေဘက်ဖြစ်တာ။ လက်ရှိတော့ မရှောင်ကြသေးဘူး။ ရွာမှာနေပြီးမှလည်း ပစ်နေတယ်။ ထိခိုက်မှု ဘာတွေတော့ ဘာမှမသိရသေးဘူး။” လို့ ရှောင်တိမ်းတာမရှိသေးပေမယ့် တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပစ္စည်းတွေသိမ်းနေရကြောင်း ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က မုံးကိုး ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲပြင်းထန်လာခဲ့တာကြောင့် ဖောင်းဆိုင်၊ မန့်ယန်နဲ့ ဘန်မွေ့ရွာတွေက ရွာခံ ၂၀၀ ခန့် တရုတ်-မြန်မာ နယ်ခြားစည်းမျဉ်းက တောင်ကမူမှာရှိတဲ့ လောက်တဲန့် ဆိုတဲ့ရွာမှာ ယာယီရှောင်တိမ်းနေရတာဖြစ်ပြီး စားနပ်ရိက္ခ သွားရောက်ပို့ဆောင်တာကို စစ်ကောင်စီဘက်က လမ်းကြောတွေပိတ်ဆို့ထားသဖြင့် အစားအသောက်၊ ဆေးဝါး၊ မိုးကာတွေ အရမ်းလိုအပ်နေတယ်လို့ ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ဩဂတ်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ MNDAA တို့အကြား ကြူကုတ် (ပန်ဆိုင်း) နီးနားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာအချို့က နေအိမ်တွေ ကျည်ထိမှန်ပျက်စီးခဲ့ပြီး ကောင်းစထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်းစတဲ့ ရွာ ၈ ရွာက ဒေသခံ ၁၄၀၄ ဦးတို့လည်း မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ချောင်းစပ်နားမှာ ယာယီတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
လက်ရှိ မုံးကိုးမြို့နယ်က ကျေးရွာအချို့ကို စစ်ကောင်စီက လမ်းကြောင်းဖြတ်တောက်ထားတာကြောင့် စားနပ်ရိက္ခာတင်ပို့ဖို့ခက်ခဲတဲ့အခြေအနေကို MNDAA အဖွဲ့က စားနပ်ရိက္ခာလမ်းကြောင်းအတွက် ဖြေရှင်းပေးမှာဖြစ်တယ်လို့ ဩဂုတ်လ ၂၃ ရက်နေ့က ကိုးကန့် အထူးဒေသ ၁၊ မုံးကိုခရိုင်အဖွဲ့ ဒေသအတွင်း ကိုဗစ်ကာကွယ်ရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး အစည်းအဝေးမှာ ဒေသခံတွေကို ပြောခဲ့ကြောင်း ကိုးကန့်သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။







