နွေဦးထီနှင့်ပတ်သက်သည့် ငွေလွှဲပြောင်းမှုများအား စောင့်ကြည့်ရန် စစ်ကောင်စီညွှန်ကြား

နွေဦးထီနှင့်ပတ်သက်သည့် ငွေလွှဲပြောင်းမှုများအား စောင့်ကြည့်ရန် စစ်ကောင်စီညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချနေသည့် “နွေဦးထီ” နှင့်ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်အရေးယူနိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဘဏ်များကို ဩဂုတ် ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လောင်းကစားဥပဒေအား ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေထုတ်ပြန်ကာ ဩဂုတ် ၁၅ ရက်မှစတင်၍ “အောင်လံလွှင့်ချီ နွေဦးထီ” အမည်ဖြင့် အွန်လိုင်းစနစ်အသုံးပြုကာ ထီရောင်းချနေခြင်းဖြစ်သည်။

အဆိုပါထီလုပ်ငန်းတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ ဘဏ်ငွေစာရင်းများကို အသုံးပြုဆောင်ရွက်ပါက စီစစ်ဖော်ထုတ် အရေးယူနိုင်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်တွင် အောင်လံလွှင့်ချီ နွေဦးထီကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊ ငွေလွှဲစနစ်၊ ဒီဂျစ်တယ် Payment များနှင့် ဆောင်ရွက်လာနိုင်ကြောင်း ဖော်ပြထားသည်။

“နွေဦးထီ” လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုများ တွေ့ရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စီမံကိန်းနဲ့ဘဏ္ဌာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်ထံ အကြောင်းကြားရန်နှင့် ပျက်ကွက်ပါက အရေးယူခံရမည်ဟု စစ်ကောင်စီက ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအပေါ် ခြိမ်းခြောက်ညွှန်ကြားထားသည်။

နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံရန်မလွယ်သည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ စီစဉ်ဆောင်ရွက်ပေးကြရန် ထီရောင်းချရေးအဖွဲ့က ပြောကြားထားသည်။

ယမန်နေ့ (ဩဂုတ် ၁၅ ရက်) က နွေဦးထီစောင်ရေ ငါးသောင်းရောင်းချခဲ့ရာ နာရီပိုင်းအတွင်း ထီလတ်မှတ်များ ရောင်းကုန်သွားခဲ့ခြင်းဖြစ်သည်။

ဒုတိယမြောက်နေ့မှာလည်း ထီလက်မှတ်အစောင်ရေ ငါးသောင်း (၅၀,၀၀၀) ထပ်မံရောင်းချသွားရန် စီစဉ်ထားသည်။

အောင်လံလွှင့်ချီ နွေဦးထီကို တစ်စောင်လျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများ၊ နွေဦးတော်လှန်ရေး၏ လုပ်ငန်းစဥ်များအတွက် အသုံးပြုမည်ဖြစ်သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...