စားကျက်မြေတွင် အိမ်ဆောက်လုပ်၍ ရွာသား ၆ ဦးကို ထောင်ဒဏ် ၁ လ စီချမှတ်ခံရ

စားကျက်မြေတွင် အိမ်ဆောက်လုပ်၍ ရွာသား ၆ ဦးကို ထောင်ဒဏ် ၁ လ စီချမှတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာတွင် ရွာစားကျက်မြေ၌ အိမ်ဆောက်လုပ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တိုင်တန်းသဖြင့် ရွာသား ၆ ဦးကို ပေါက်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ်(၁) လစီ ချမှတ်လိုက်သည်ဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ အိမ်ဆောက်လုပ်သဖြင့် ဦးဆောင်ပါ၀င်သူ ၆ ဦးကို ပေါက်တောမြို့နယ် တရားရုံးက မေလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပုဒ်မ ၄၄၇ ဖြင့် ထောင်ဒဏ် (၁) လစီ ချမှတ်လိုက်သည်ဟု သိရသည်။

ထောင်ဒဏ် ချမှတ်ခံရသူ လက်ပံပြားရွာသား ၆ ဦးမှာ ဦးမောင်သိန်းမြ၊ ဦးမောင်လှချေ၊ ဦးခင်ဦးမောင်၊ ဦးအောင်ကျော်သိန်း၊ ဦးမောင်နှောင်းနှင့် ဦးမောင်နီတို့ ဖြစ်သည်။

“အခု ကျွန်တော်တို့ တိုးချဲ့တည်ဆောက်ထားတဲ့ မြေက ရွာကြီးလာရင် မြေနေရာချထားပေးဖို့ စီစဉ်ထားတဲ့ စားကျက်မြေ ဖြစ်တယ်လို့ ကျေးရွာ လူကြီးတွေက ပြောပါတယ်။ ကျွန်တော်တို့မှာ အိမ်ဆောက်စရာ မြေနေရာမရှိတဲ့ အတွက် အိမ်ဆောက်ရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တရားစွဲတဲ့ အတွက် ထောင်ချခံရတာပါ ”ဟု ထောင်ချခံရသူ ဦးခင်ဦးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ရွာစားကျက်မြေ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ အိမ်များကို မေလ ၅ ရက်နေ့က စတင် အိမ်ဆောက်လုပ်ရာ ၎င်းနေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပေါက်တောမြို့နယ် တရားရုံးတွင် မေလ ၁၅ ရက်နေ့က တရားစွဲဆိုလိုက်ပြီး ပထမ ရုံးချိန်းနေ့တွင်ပင် ယင်းသို့ ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

“စစ်ဆေးချက်တွေကတော့ ကျွန်တော်တို့ အမြင်မှာ တရားမျှတမှု မရှိဘူးလို့တော့ မြင်မိပါတယ်။ ဒီနေ့ တရားရုံးချိန်းနေ့မှာ ဥပဒေအကြံပေးနဲ့လည်း စွပ်စွဲခံရသူတွေကို တွေ့ခွင့်မပြုပါဘူး။ ရောက်တာနဲ့ တရားရုံးခန်းထဲကို သွင်းပြီးတော့ ယခု လက်ရှိမှာ စားကျက်နေမြေမှာ နေထိုင်သူများ ဟုတ် မဟုတ်လို့ မေးမြန်းပြီးတော့ သူတို့မှာ အပြစ်ရှိမရှိ မေးမြန်းခဲ့ပါတယ်။ စွပ်စွဲခံရသူတွေက အပြစ်ရှိပါတယ်လို့ ၀န်ခံမှုအပေါ်မှာ အခုလို ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ပါတယ်”ဟု တရားသူကြီး စစ်ဆေးစဉ် နားထောင်ခွင့်ရသူ လက်ပံပြားကျေးရွာမှ ဦးဝင်းဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့တရားရုံးတွင် တရားသူကြီးက စွပ်စွဲခံထားရသူများကို စစ်ဆေးရာတွင် တရားလိုကို စစ်ဆေး မေးမြန်းခဲ့ခြင်း မရှိဟုလည်း အဆိုပါကျေးရွာသားက ပြောသည်။

ထောင်ဒဏ်ချမှခံရသူများကို အာမခံချက်ရရှိအောင် ကြိုးစားဆောင်ရွက်နေသည်ဟု ဦးဝင်းဇော်က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ပံပြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ သူက “အခု တိုးချဲ့ ဆောက်လုပ်နေတဲ့မြေက စားကျက်မြေပါ။ ကျွန်တော်တို့ ပညာရေးအတွက် အဲ့ဒီမြေကို ထွန်ယက်ပြီးတော့ အလယ်တန်းကနေ အထက်တန်းထိ ပံ့ပိုးပေးလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်နေပါပြီ။ အဲ့ဒီမြေမှာ ကျူးကျော်ပြီးတော့ အိမ်ဆောက်လုပ်လာကြပါတယ်။ လူတစ်ဦးက ကျူးကျော်ပါတယ်၊ နောက်ပိုင်းမှာ ၂၀ ဖြစ်လာတယ်၊ ၂၀ ကနေ အခု ၄၀ ကျော်ထိ ဖြစ်သွားပါပြီ”ဟု မေလ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခု လက်ရှိ၌ အဆိုပါ စားကျက်မြေတွင် အိမ်လုပ်ထားသည့် အိ်မ်ပေါင်း ၄၈ အိမ်ရှိနေပြီး၊ အိမ်မဆောက် လုပ်မီကတည်းကပင အုပ်ချုပ်ရေးမှူးကို ညှိနှိုင်းခဲ့ကြောင်း၊ ယင်းသို့ ရွာစားကျက်မြေ၌ အိမ်ဆောက် လုပ်ရခြင်းမှာ ကျေးရွာတွင် လူဦးရေ များပြားလာ၍ ကျေးရွာထဲတွင် မြေကွက်လပ် မရှိ၍ ဆောက်လုပ်ရခြင်း ဖြစ်သည်ဟု ဦးခင်ဦးမောင်က တရားရုံး၌ အမှုကို ရင်မဆိုင်မီ နိရဥ္စရာ သတင်းဌာနသို့ မေလ ၂၃ ရက်နေ့က ပြောကြားထားသည်။

စားကျက်မြေ၌ မဆောက်လုပ်မီ ကျေးရွာအုပ်ချုပ်ရေးမှူးကို တစ်စုံတစ်ရာ တိုင်ကြားမှုမရှိခဲ့ကြောင်း၊ ကျေးရွာတွင်လည်း အသိပေးမှုမရှိကြောင်း၊ ယင်းသို့ ပြုမူခြင်းသည် အုပ်ချုပ်ရေးမှူးကို အသိအမှတ် မပြုရာရောက်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး က ဥပဒေအရ အရေးယူဆောင်ရွက်ရန် ညွှန်ကြားချက်ဖြင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း လက်ပံပြားကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းသို့ စားကျက်မြေ၌ အိမ်တိုးချဲ့ဆောက်လုပ်ရခြင်းမှာ ရွာတွင်မြေနေရာလပ်မရှိတော့ကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က လက်ပံပြားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် ၄၀၀ ခန့်မှ ယခုအချိန်တွင် အိမ်ခြေ ၅၀၀ ကျော်ထိ ရှိလာပြီဟု ရွာသားများပြောပြချက်အရ သိရှိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...