စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မည့်သတင်းကြောင့် နွမ်းလန့်ဒေသခံများ တောင်ယာမသွားရဲဖြစ်နေ

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မည့်သတင်းကြောင့် နွမ်းလန့်ဒေသခံများ တောင်ယာမသွားရဲဖြစ်နေ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်နှင့် နွမ်းလန့်ကျေးရွာတို့တွင် အခြေစိုက်သော အာဏာသိမ်းစစ်တပ်အဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများကို ရွာအပြင်မထွက်ကြရန် ပြောဆိုမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၇ ရက်နေ့မှစပြီး နေအိမ်အတွင်းသာ နေထိုင်ကြရန်နှင့် အခင်းတောင်ယာရှိသည့်ဘက်သို့ မသွားကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့များက လိုက်လံပြောဆိုခဲ့ကြောင်း သိရသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်သားတွေက လက်နက်ကြီးပစ်မယ်ပြောလို့ အခင်းတောင်ယာက ဘယ်သူမှ မသွားရဲကြဘူး။ နွမ်လန့်ကျေးရွာမှာလည်း ဘယ်သူမှ ရွာအပြင်ဘက် မသွားရဲကြဘူး။ အားလုံးက အိမ်ထဲမှာဘဲနေကြတယ်။ ဒါပေမယ့် အခုထိတော့ ပစ်ခတ်တာတွေမရှိသေးဘူး” ဟု ပြောဆိုသည်။

တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်သော ဒေသခံများအနေဖြင့် အဆိုပါသတင်းကြောင့် တောင်ယာမသွားဘဲ နေအိမ်အတွင်းသာနေသည်မှာ ၃ ရက်ခန့်ရှိပြီဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်တွင်လည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများပစ်မည်ဟု ပြောဆိုနေသည့်အတွက် တိုက်ပွဲပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“တစ်ရက် နှစ်ရက်အတွင်းမှာ စစ်တပ်က တစ်နေရာရာမှာ ထိုးစစ်ဆင်ပြီး ပြန်တိုက်မယ်လို့ ကြားနေရတယ်။ အဲ့ကြောင့် အရင်တစ်ခေါက်ကလို တိုက်ပွဲပြန်ဖြစ်လာမှာကိုဘဲ စိုးရိမ်နေရတယ်။ အခုက တိတ်ဆိတ်နေသေးတယ်။ ဘယ်လိုဖြစ်လာမှာလဲတော့ မသိရသေးဘူး။ ကိုဗစ်ကာလလည်းဖြစ်နေတော့ ပိုပြီးစိုးရိမ်နေရတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်မယ်လို့ပြောနေတဲ့အတွက် ဘယ်မှ မသွားရဲသလို မထွက်ရဲဘူး” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဧပြီလ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော စသည့် ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများမှာ မိုးမောက်မြို့သို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ရှောင်စခန်းများတွင်လည်း Covid-19 ကြောင့် နေထိုင်မှုနှင့် စားသောက်မှု ခက်ခဲလာသဖြင့် စစ်ရှောင်တချို့ နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရပါသည်။

ဝိုင်းမော်မြို့နယ် နယ်မြေခံ ခလရ ၅၈ တပ်ရင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညစဉ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုရှိခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...